DVB Logo
Home
မြန်မာသတင်း
ဆင်းရဲသားများ ဘဝမြင့်မားလာစေရေး ကျောက်တော်တွင် ဆန္ဒပြ
DVB
·
October 6, 2016
ဆင်းရဲသားများ ဘဝမြင့်မားလာစေရေး ကျောက်တော်တွင် ဆန္ဒပြ
1 / 8
Donate to DVB

ဆင်းရဲသားလက်လုပ်လက်စားတွေရဲ့ဘဝ မြင့်မားလာစေဖို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဒီကနေ့မွန်းလွဲပိုင်းက  ဆင်းရဲသားလူတန်းစား မြှင့်တင်ရေးအသင်းနဲ့ ရခိုင့်အမျိုးသမီးကွန်ရက်တို့ ပူးပေါင်းပြီး စီတန်းလှည့်လည်ဆန္ဒပြပါတယ်။

ဆင်းရဲသားလူတန်းတွေအပေါ် ခွဲခြားဆက်ဆံခံနေရပြီး ဈေးဆိုင်တန်းတွေ ဖြိုဖျက်ခံထား ရတာတွေကို သက်ဆိုင်ရာအစိုးရအနေနဲ့ ကာကွယ်စိစစ် ဆောင်ရွက်ပေးစေချင်တယ်လို့ ဆန္ဒပြဦးဆောင်ကျောက်တော် ရခိုင့်အမျိုး သမီးကွန်ရက် ဒုဥက္ကဋ္ဌ ဒေါ်လှမေက ဒီဗွီဘီကို ပြောပါတယ်။

“အန်တီတို့ကျောက်တော်မှာ ဆင်းရဲသားတွေ နေတိုင်းရုန်းကန်လှုပ်ရှားနေတဲ့လူတွေရဲ့ နေအိမ်တွေ တချိန်က ဖြိုဖျက်ခံရတယ်။ သူတို့ဘဝလည်း အလုပ်လက်မဲ့ဖြစ်သွားတာတွေ၊ အိုအိမ်မဲ့ဖြစ်သွားတာတွေ၊ ပြီးတော့ဆင်းရဲသား ဆင်ခြေဖုံရပ်ကွက်တွေမှာဆိုရင် လမ်းတွေက သွားလာလို့မရအောင်ပျက်စီးနေတယ်။ ဘာမှလုပ်မပေးဘူး။ မီးကလာဖို့ မပြောနဲ့၊ မီးတောင်မသွယ်ပေးဘူး။ အရင်ကတည်းက မရှိဆင်းရဲသားတွေ လုပ်စားနေတဲ့ ဈေးဆိုင်ကို အချို့ဖြိုဖျက်ပစ်လိုက်တယ်။ အခုဆိုရင် စားဝတ်နေရေးက ပိုပြီးခက်ခဲလာတယ်။ သားသမီးတွေရဲ့ ပညာရေးတွေလည်း အများကြီးအခက်အခဲကြုံလာရတယ်။”

ဒုတိနှစ်ကျောင်းတက်နေတဲ့ ကျောင်းသူတဦးဖြစ်သူ မအေးသန္တာဝင်းက “ညီမက ညီမတို့ မိဘတွေ ဆင်းရဲတယ်။ တနေ့လုပ်တနေ့စားရတယ်။ ဒီလိုဈေးဆိုင်တန်းတွေ ဖျက်မယ်ဆိုတာ ကတော့ လုံးဝမဖြစ်သင့်ဘူးပေါ့။ အရင်ကလည်းဖြိုဖျက်ထားတယ်။ ဒီမြေတွေက ကျူးမြေတွေ လည်း မဟုတ်ဘူး။ အရင်ကတည်းကနေလာခဲ့ကြတာ၊ ညီမတို့ ဆင်းရဲသားတွေ အခွင့်အရေး မရှိတော့ဘူးလား။ အမြဲတမ်းခွဲခြားပြီး ဆက်ဆံခံနေရတယ်။ ဒီလိုခွဲခြားဆက်ဆံပြီး နိုင်ထက်စီးနင်း လုပ်နေတဲ့ မြို့မိမြို့ဖအာဏာပိုင်အဖွဲ့တချို့ကို အရေးယူပေးစေချင်တယ်။”

ဒီကနေ့ဆန္ဒထုတ်ဖော်မှုကို အချက် ၈ ချက်နဲ့ ဆန္ဒထုတ်ဖော်ဖို့ ကနဦးကတည်းက စီစဉ်ထားခဲ့ပေမယ့် ၇ ချက်သာ ခွင့်ပြုချက်ရရှိခဲ့ပြီး ၁ ချက်ကို ခွင့်ပြုမိန့်မရရှိခဲ့ဘူးလို့ ဒေါ်လှမေကပြောပါတယ်။

ခွင့်ပြုမိန့်မရရှိခဲ့တဲ့ အဲဒီစာသားကတော့ ဆင်းရဲသားလက်လုပ် လက်စားများကို ငဲ့ညှာမှုမှမရှိသော မြို့အဖအတုအယောင် ဒေါက်တာထွန်းအေး အလိုမရှိဆိုတဲ့ ပိုစတာ ဆိုင်းဘုတ်ရုပ်ပုံတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြလှည့်လည်ခွင့် မပေးဘူးလို့ ပြောပါတယ်။

စီးတန်လှည့်ဆန္ဒထုတ်ခဲု့ကြတဲ့ ကြွေးကြော်သံတွေကတော့ ပစ္စည်းမဲ့ လူတန်းစားများဘဝ မြှင့်တင်ရေး-ဒို့အရေး၊ အိုးအိမ်မဲ့အိမ်မဲ့များအိုးအိမ်နေရာရရှိရေး-ဒို့အရေး၊ ဆင်းရဲသားတွေကို စော်ကားပုတ်ခတ်သောမြို့ဖများ-အလိုမရှိ၊ လူထုဆန္ဒဖြင့် တရားဝင်မြို့မိမြို့ဖများရွေးချယ်ပေးရေး- ဒို့အရေး၊ ဆင်းရဲသားများရဲ့ဘဝလုံခြုံရေးကို အစိုးရမှကားကွယ် စောက်ရှောက်ပေးရေး-ဒို့အရေး၊ ဖောက်ပြန်တဲ့ လူတန်း စားများ-တိုက်ထုတ်ကြ၊ ခရိုနီစနစ်အလိုမရှိစတဲ့ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး စီးတန်းလှည့် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒီကနေ့ဆန္ဒထုတ်ဖော်မှုကို မြို့သစ်ရပ်ကွက်မှာ နေ့လယ် ၁ နာရီကစတင်ခဲ့ကာ စုရပ်ပြီး၊ အောင်စံဝေလမ်း၊ ရှမ်းရပ်ကွက်၊ စောပြည့်ညိုလမ်း၊ ကမ်းနားလမ်း၊ ကျောက်တော်ရပ်ကွက်၊ ကန်ညီနောင်လမ်း၊ ပြည်တော်သာ ရပ်ကွက်အတိုင်းစီးတန်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြ တာပါ။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013