DVB Logo
Home
မြန်မာသတင်း
နာဂဒေသတွင် ကလေးငယ်များ ဖျားနာသေဆုံးမှု ထပ်မံဖြစ်ပွားနေ
DVB
·
October 6, 2016
နာဂဒေသတွင် ကလေးငယ်များ ဖျားနာသေဆုံးမှု ထပ်မံဖြစ်ပွားနေ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ရှိ ဒဂါးကျေးရွာမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကလေးငယ်တွေ ဖျားနာသေဆုံးမှုတွေ ထပ်မံဖြစ်ပွားနေပါတယ်။

အဆိုပါကျေးရွာမှာ လူပေါင်း ၂၀၀ ကျော်လောက် ချောင်းဆိုးတာ၊ ကိုယ်ပူတာတွေဖြစ်ပွားကာ ဖျားနာပြီး စက်တင်ဘာ ၂၄ ရက်ကနေ ၃၀ ရက်အထိ ၅ ဦးသေဆုံးသွားတယ်လို့ နန်းယွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်ကပြောပါတယ်။

‘‘ကျနော်တို့ သိရတာက ကိုယ်ပူပြီးချောင်းဆိုးတာပေါ့နော်။ အဓိကဖြစ်တာက နန်းယွန်းမြို့နယ် ဒဂါးကျေးရွာမှာဖြစ်တယ်။ ကိုယ်ပူပြီးတော့ ဖျားတယ်။ သေဆုံးတဲ့စာရင်းကတော့ ကျနော်တို့ ရထားတဲ့စာရင်းအရ ၅ ယောက်ရှိတယ်။ ၃ ယောက်က အသက် ၃၀ တယောက် ၄၀ တယောက်နဲ့ ၆၀ တယောက်ပါတယ်။ ကလေး ၂ ယောက်ကတော့ ၂ နှစ်တယောက်နဲ့ တယောက်က လသားအရွယ်ပဲ ရှိသေးတယ်။”

စက်တင်ဘာလ ၁၅ ရက်နေ့ လောက်က ရောဂါ စတင်ဖြစ်ပွားတာဖြစ်ပြီး ချောင်းဆိုးဖျားနာရောဂါ အများစုခံစားရသူတွေက အသက် ၁၅ နှစ်အောက်ကလေးတွေလို့ လည်း ပြောပါတယ်။

နန်းယွန်းမြို့ ကျန်းမာရေးဌာနတာဝန်ခံ ဒေါက်တာဝင်းလှိုင်ဦးကတော့ သာမန် တုတ်ကွေးဖျားနာမှု သာဖြစ်ပြီး လက်ရှိ မြို့နယ် ကျန်းမာရေးဌာနက သွားရောက် ကုသပေးနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒဂါးကျေးရွာမှာ ဖျားနာချောင်းဆိုးပြီးတော့ ရောဂါဖြစ်ပွားတယ်ဆိုတာ ကျနော်တို့ သိသိချင်းပဲ ၃၀ ရက်နေ့ကသွားတယ်။ ၁ ရက်နေ့ကနေစပြီးတော့ ၃ ရက်နေ့အထိ ဆေးကုသမှုပေး တယ်ပေါ့နော်။ ဆေးကုတဲ့အဖွဲ့ စစ်ဆေးကုသချက်အရကတော့ အဲဒီမှာဖြစ်တာက ၃ ရက်တွေ့ရှိ ချက်အရ ရိုးရိုး ဖျားနာတုတ်ကွေးပေါ့နော်။ အဲလိုလူနာပဲတွေ့တယ်။ အပြင်းအထန်လူနာ ကူးစက်ရောဂါ သံသယရှိလူနာတွေ မတွေ့ခဲ့ရဘူး။ ရိုးရိုး အအေးမိဖျားနာတာ၊ အရေပြားယားနာ ပေါက်တာ။ သွေးတိုးရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါ အဲလောက်ပဲ ကျနော်တို့ တွေ့ရတယ်။ ကုသမှုစပေးချိန်နဲ့ ပေးပြီးနောက်ပိုင်း အသေအပျောက်မရှိဘူး။ ပြင်းထန်လူနာ မရှိဘူး။ အဲဒါလည်း ဘက်စုံသားဖွားဆရာမတယောက် ဆက်လက်ပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတယ်။”

ဒါ့အပြင် သေဆုံးသူတွေဟာ စက်တင်ဘာလ တစ်လအတွင်းမှာ သေဆုံးသူတွေဖြစ်တဲ့အတွက် ဒီချောင်းဆိုးဖျားနာမှုကြောင့် သေဆုံးတယ်လို့ ယတိပြတ်ပြောလို့မရနိုင်ကြောင်းလည်း ပြောပါတယ်။

အဆိုပါကျေးရွာမှာ လူဦး ရေ ၆,၀၀၀ နီးပါးရှိပြီး လက်ရှိ နန်းယွန်းမြို့နယ် ကျန်းမာရေးဌာနက ကွင်းဆင်းကုသပေးတယ်နေတယ်လို့ ဒေါက်တာ ၀င်းလှိုင်ဦးက ပြောပါတယ်။

အလားတူ နယ်မြေခံတပ်မတော်ဆေးရုံက တပ်မတော်သားပါရဂူတွေပါဝင်တဲ့ ဆေးကုသရေး အဖွဲ့နဲ့ ခန္တီးဆေးရုံက ဆရာဝန်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၄ ရက်က ရောဂါဖြစ်ပွားနေတဲ့ ဒဂါးကျေးရွာကိုရောက်ရှိ ဆေးဝါးကုသမှုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ တယ်လို့လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

စုစုပေါင်း ၃၀ဝ ဦးခန့် ရောဂါဖြစ်ပွားခဲ့ပြီး စစ်ဆေးကုသချက်တွေအရ အဆိုပါကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ရာဂါဟာ ကူးစက်ရောဂါမဟုတ်ဘဲ ရိုးရိုးတုပ်ကွေးရောဂါသာဖြစ်တဲ့အကြောင်း တကိုယ်ရည် သန့်ရှင်းမှု အားနည်းတာ၊ အာဟာရချို့တဲ့တာနဲ့ အချိန်မီဆေးကုသမှု မရှိတာတွေကြောင့် ရောဂါ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကူးစက်ရောဂါနဲ့ အဟာရချို့တဲ့မှုတွေကြောင့် ဇွန်လကစပြီး စက်တင်ဘာလဆန်းအထိ အသက် ၁ နှစ်မှ ၁၂ နှစ်ကြား ကလေးငယ် အယောက် ၉၀ လောက် သေဆုံးခဲ့ပါတယ်။

လဟယ်မြို့နယ်အတွင်းက ကျေးရွာ ၃ ရွာမှာတော့ စုစုပေါင်း ၂၈ ဦးသေဆုံးခဲ့ပြီး ထန်ခေါ်လားမား ကျေးရွာမှာတော့ ၂၅ ဦးသေဆုံးခဲ့ပါတယ်။ နန်းယွန်းမြို့နယ် ဒုံဟီးမြို့အတွင်းက ကျေးရွာတွေမှာ တော့ ၂၆ ဦးသေဆုံးခဲ့ပြီး ကဲဆန်ဆာလင် ကျေးရွာနဲ့ ကဲဆန်ကားလန်ကျေးရွာ တွေကတော့ ၁၁ ဦးစီ သေဆုံးခဲ့ပါတယ်။

နာဂဒေသကျေးရွာတွေမှာ ဖျားနာချောင်းဆိုး ခန္ဓာကိုယ်မှာ အနီစက်တွေထွက်တဲ့ အမည်မသိ ကူးစက်ရောဂါဖြစ်ပွားပြီး ကလေးငယ်တွေရော သက်ကြီးရွယ်အိုတွေပါ သေဆုံးနေတယ်လို့ သတင်းတွေထွက်ခဲ့တာကြောင့် လူတွေအကြား စိုးရိမ်ထိတ်လန့်ခဲ့ကြတာဖြစ်ပြီး အစိုးရ ကျန်းမာရေးဌာန တာဝန်ရှိသူတွေကတော့ ၀က်ရောဂါကြောင့်သေဆုံးတာလို့ အတည်ပြုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013