DVB Logo
Home
မြန်မာသတင်း
နောက်ဖေးမြောင်း လမ်းကြားများ လုံခြုံရေး အကာကွယ် တပ်ဆင်သွားမည်
DVB
·
October 6, 2016
နောက်ဖေးမြောင်း လမ်းကြားများ လုံခြုံရေး အကာကွယ် တပ်ဆင်သွားမည်
Donate to DVB

ရပ်ကွက်နေပြည်သူတွေရဲ့ လုံခြုံရေးကြောင့် နောက်ဖေးမြောင်း လမ်းကြားတွေကို လွှတ်တော်ရန်ပုံငွေသုံးပြီး အကာကွယ်တွေ တပ်ဆင်သွားမယ်လို့ ပုဇွန်တောင်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စက်တင်ဘာလအတွင်းက နောက်ဖေးမြောင်းတွေနဲ့ လမ်းကြားတွေကို သန့်ရှင်းရေးလုပ်ခဲ့ပြီးတဲ့နောက် နောက်ဖေးလမ်းကြားတွေထဲမှာ အများပြည်သူ လုံခြုံရေး စိုးရိမ်စရာတွေ ကြုံတွေ့ခဲ့ရတယ်လို့ ပုဇွန်တောင်မြို့နယ်၊ ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက ဆိုပါတယ်။

ရေသန့်ဘူးခွံကောက်တဲ့သူတွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲထားတဲ့ ဆေးထိုးအပ်တွေကို အဲဒီနောက်ဖေးလမ်းကြားတွေက တွေ့ခဲ့ရတာကြောင့် အခုလို လုပ်ဆောင်ရတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“ဦးတို့က လှမ်းတွေ့တာ။ ဆရင်း (Syringe) နှစ်ခုသုံးခု အဲဒီကြားထဲမှာကျနေတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ အဲဒါတွေက မူးယစ်ဆေးသုံးတဲ့လူတွေ ၀င်ပုံရတယ်ပေါ့နော်။ အဲဒါတခုရှိတယ်။ အဲဒီတော့ ဦးတို့က ဒီဟာတွေကို အခု လွှတ်တော်ရန်ပုံငွေ ချပေးရင် နောက်ဖေးတွေကို ကာဖို့အတွက် အဲဒီဟာကို အဓိကထားပြီးတင်တာ။ ဦးတို့ဆီမှာ ကာရမယ့်အပေါက် အားလုံးပေါင်း ၂၄ ပေါက်ရှိတယ်။”

လွှတ်တော်ရန်ပုံငွေနဲ့ နောက်ဖေးလမ်းကြားတွေ ကာရံပေးမှာကို ကြိုဆိုပြီး ရပ်ကွက်နေ ပြည်သူတွေရဲ့ လုံခြုံရေးကို စိတ်ချနေနိုင်မှာ ဖြစ်တယ်လို့ ပုဇွန်တောင်မြို့နယ်၊ အမှတ် ၇ ရပ်ကွက်နေ ဦးဝင်းမြင့်က ဆိုပါတယ်။

“ဒါမျိုးလေး ကြားတယ်ပေါ့လေ။ အဲလိုလုပ်နိုင်ရင်တော့ အတိုင်းထက်အလွန်ပဲပေါ့လေ။ အဲဒါက သန့်ရှင်းမှုအပြင် ရပ်ကွက်နေ ပြည်သူတွေရဲ့ လုံခြုံမှုကိုပါ စိတ်အေးစေရတာပေါ့လေ။ ဒါမျိုးလေး ကာနိုင်ရင်တော့ ပိုကောင်းတာပေါ့လေ။”

တချိန်တည်းမှာပဲ နောက်ဖေးလမ်းကြားတွေကို မကြာခဏ သန့်ရှင်းရေးလုပ်တာတွေနဲ့ ရပ်ကွက်နေပြည်သူတွေရဲ့ အမှိုက်ဆက်မပစ်တော့ဖို့အတွက်လည်း အသိပညာပေးတာတွေ လုပ်ဆောင်နေသင့်တယ်လို့ ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးဥက္ကာထွန်းက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

“စည်ပင်နဲ့ ရပ်မိရပ်ဖအဖွဲ့တွေ ပူးပေါင်းပြီးတော့မှ အသိပညာပေးပေါ့။ အသိပညာပေးအနေနဲ့ ဆိုတဲ့အခါမှာ ကျနော်တို့ တလကို တကြိမ်လောက် သူတို့ကို ၀င်ပြီးတော့မှ အဲဒီအမှိုက်တွေကိုသိမ်း။ သိမ်းပြီးတာနဲ့ တွေ့တဲ့နေရာလေးပေါ်မှာ အဲဒီအမှိုက်တွေကို ပြန်လည်ပြီး ထပ်မံပြီးတော့ တွေ့ရှိမှုအပေါ်မှာ သိမ်းဆည်းသွားပါတယ်။ ပြည်သူများကလည်း ရပ်ကွက်ကြီး သာယာလှပရေးအတွက် စည်းကမ်းကို ၀ိုင်းပြီးတော့ ပူးပေါင်းထိန်းသိမ်းပေးကြပါ ဆိုပြီးတော့ အသိပညာပေး စည်းရုံးသွားမယ်ဆိုရင် နောက်တလ၊ နောက်နှစ်လ၊ သုံးလ၊ လေးလလောက်ဆိုရင် သူတို့အကုန်လုံး အမှိုက်ပစ်တာကို ရှက်တတ်ပြီးတော့မှ ပြုပြင်သွားမယ်လို့ ထင်ပါတယ်။ အဲဒီစနစ်ကလည်း အသင့်တော်ဆုံးနည်းလမ်းလို့ပဲ ထင်ပါတယ်။”

ပုဇွန်တောင်မြို့နယ်၊ ၇ ရပ်ကွက်ထဲက နောက်ဖေးလမ်းကြားတွေကို စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၁၄ ရက်ကြာ ရှင်းလင်းခဲ့ရတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013