DVB Logo
Home
မြန်မာသတင်း

မိုင်းလားဒေသကို ၀တပ်ဖွဲ့ လက်နက်လူသူအင်အား ထပ်မံဖြည့်တင်း

ရွှေအောင်
·
October 6, 2016
မိုင်းလားဒေသကို ၀တပ်ဖွဲ့ လက်နက်လူသူအင်အား ထပ်မံဖြည့်တင်း
Donate to DVB

မိုင်းလားဒေသအတွင်း ၀ တပ်ဖွဲ့ ၀င်ရောက်ထိန်းချုပ်ထားတဲ့နေရာတွေကို ၀ က လူသူလက်နက်အင်အား ထပ်မံဖြည့်တင်းလိုက်ပါတယ်။

အခုလ ၄ ရက်နေ့ညနဲ့ ၅ ရက် မနက်ပိုင်းတို့မှာ ၀ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) က အင်အားတိုးချဲ့ ချထားခဲ့တာလို့ သျှမ်းသံတော်ဆင့်သတင်းအယ်ဒီတာချုပ် စိုင်းမိန်းက ပြောပါတယ်။

“၄ ရက်နေ့ညနဲ့ ၅ ရက်နေ့ မနက်ပေါ့။ သူတို့ ထိန်းချုပ်ထားတဲ့ တပ်စခန်းနေရာဆီကို လူသူလက်နက်အင်အား စားနပ်ရိက္ခာတွေ ထပ်မံပို့ဆောင်တယ်လို့ နောက်ဆုံး အခြေအနေ ကြားသိရပါတယ်ခင်ဗျ။ ထပ်ဝင်လာတာက တရုတ်လုပ် စစ်ထရပ်ကား ၆ စီး ဆိုတော့ လူအင်အား ၁၅၀ ကျော် ရှိမယ်၊ နောက် စားနပ်ရိက္ခာနဲ့ လက်နက်တွေပေါ့။ အရင်တုန်းက ၀င်လာတဲ့ အင်အား ၆၅၀ နဲ့ဆိုရင် အခုက ၈၀၀ ကျော်ကျော်လောက် အသစ်ပေါ့နော်။ မိုင်းလားနယ်မြေထဲ ထပ်ရောက်လာတယ်လို့ ကြားသိရတယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်မှာ ၀တပ်ဖွဲ့က ကျိုင်းတုံနဲ့ မိုင်းလားအကြား လွယ်ဆမ်ဆုန်၊ လွယ်ကျုဆားတပ်စခန်းနဲ့ မိုင်းလားနယ်အ၀င် ပန်မတ်ဖိုင်း ဂိတ်စခန်းအား သိမ်းပိုက်လိုက်ပြီး မိုင်းလားစစ်သည် ၁၅၀ ကျော်ကိုလည်း ဖမ်းထားခဲ့ပါတယ်။

နောက်ပိုင်း စစ်သည် ၁၇ ဦးမှအပ ကျန်တဲ့သူတွေကို လွှတ်ပေးခဲ့ပြီး အခုတခါ လက်နက် လူသူအင်အား တိုးချဲ့လာပြန်တာ ဖြစ်ပါတယ်။ ၀တပ်ဖွဲ့ရဲ့ တပ်မဟာ ၄၆၈ တပ်မဟာမှူး ပေါက်အိုက်ပန်း ခေါင်းဆောင်ပြီး မိုင်းလားနယ်မြေအတွင်း ၀င်ရောက်တပ်စွဲထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ၀ခေါင်းဆောင် ပေါက်ယူချန်းရဲ့ တူအရင်းဖြစ်ပြီး သူနဲ့ မိုင်းလားတပ်ဖွဲ့ ခေါင်းဆောင်များ အကြား ညှိနှိုင်းပြောဆိုမှုတွေ ရှိပေမယ့် ၀ ခေါင်းဆောင်ပိုင်းကတော့ တွေ့ဆုံညှိနှိုင်းဖို့ လက်မခံသေးဘူးလို့လည်း သိရပါတယ်။

မိုင်းလားတပ်ဖွဲ့ရဲ့ နိုင်ငံရေးအကြံပေး ဦးသန်းစိုးနိုင်ကတော့ ၀ တပ်အင်အား ဒီလောက် တိုးလာတာ စိုးရိမ်စရာ မရှိဘဲ နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြဖို့ပဲ အရေးကြီး တယ်လို့ ဆိုပါတယ်။

“နဂိုကတည်းက မိုင်းလားမှာက ၂၀၀၉ ခုနှစ်ကတည်းက ၀ တပ်ဖွဲ့ ထောင်ဂဏန်း ရှိနေတဲ့အတွက် ဒီလောက် တိုးလာတာက ထူးထူးခြားခြား သိပ်မရှိဘူး။ အရေးကြီးတာက နှစ်ဘက် ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံညှိနှိုင်းကြဖို့ ဒါက ပိုအရေးကြီးတယ်။ အဲ့ဒီဟာက တရားဝင် တွေ့ဆုံညှိနှိုင်းတာ မလုပ်ပေမယ့် သူတို့ အချင်းချင်းကြားမှာ အပြန်အလှန် ဆက်သွယ်မှုတွေ အပြန်အလှန် ညှိနှိုင်းမှုတွေတော့ လုပ်နေကြပါတယ်။”

၂၀၀၉ ခုနှစ်မှာ အစိုးရက မိုင်းလားတပ်ဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခိုင်းစဉ်က မိုင်းလားရဲ့ အကူအညီတောင်းခံမှုကြောင့် အခု ၀ တပ်ဖွဲ့တို့ ထိန်းချုပ်ထားတဲ့နေရာတွေမှာ ၀ တပ်အင်အား ၃၀၀၀ လောက် ချထားပေးခဲ့ဖူးပါတယ်။

နောက်ပိုင်းမှာ အဲ့ဒီတပ်ဖွဲ့အင်အား တဖြည်းဖြည်း လျှော့ချခဲ့ပြီး နောက်ဆုံးအကြိမ် စက်တင်ဘာလအတွင်း တပ်လဲလှယ်ရာမှာ နှစ်ဘက် တင်းမာမှု စတင်ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013