ကြံ့ခိုင်ရေးပါတီ ကြယ်တပွင့်ပါ တံဆိပ် ထပ်မံပြင်ဆင်ပြောင်းလဲ
DVB
·
October 6, 2016

၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ ပါတီရဲ့ အမှတ်တံဆိပ်ကို ပြင်ဆင်ပြောင်းလဲဖို့ ထပ်မံတင်ပြလာတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသိပေး ကြေညာလိုက်ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုထားပြီးဖြစ်တဲ့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေပြည်တော်ဝင်လမ်းနဲ့ ရာဇသင်္ဂဟလမ်းထောင့်၊ အမှတ် ၅ မှာ ပါတီရုံးချုပ်တည်ရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ ပါတီရဲ့ တံဆိပ် ဒိုင်းပုံ ထိပ်တည့်တည့်မှာ အဖြူရောင်ကြယ်တလုံးပါတဲ့ တံဆိပ်နဲ့ ပြောင်းလဲပြင်ဆင်ပေးဖို့ ထပ်မံတင်ပြလာတာလို့ ဆိုပါတယ်။
ပါတီရဲ့တံဆိပ်ကို ကန့်ကွက်လိုပါက ကြေညာတဲ့နေ့မှစပြီး ၇ ရက်အတွင်း ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်နိုင်တယ်လို့လည်း ကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကြံ့ခိုင်ရေးပါတီဟာ ပါတီအမှတ်တံဆိပ်ပါ ဒိုင်းပုံထိပ် ခြင်္သေ့ခေါင်းပေါ်မှာ အဖြူရောင်ကြယ်တပွင့်မပါတဲ့ တံဆိပ်ကို ပြောင်းလဲပေးဖို့ ပြီးခဲ့တဲ့လကမှ ကော်မရှင်ကို တင်ပြထားတာဖြစ်ပြီး ခုတဖန် ကြယ်ပွင့်ပါတဲ့တံဆိပ်နဲ့ ပြန်လည်ပြင်ဆင်ပြောင်းလဲဖို့ ထပ်မံတင်ပြလာတာ ဖြစ်ပါတယ်။