DVB Logo
Home
မြန်မာသတင်း
ကရင်နီတပ်မတော် နှစ်စဉ်ကြေးလျှော့ကောက်ရန် ဒေသခံများ လိုလား
DVB
·
October 6, 2016
ကရင်နီတပ်မတော် နှစ်စဉ်ကြေးလျှော့ကောက်ရန် ဒေသခံများ လိုလား
Donate to DVB

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) လက်အောက်ခံ ကရင်နီတပ်မတော်အနေနဲ့ နှစ်စဉ်ကြေးတွေကို လျှော့ပေးစေလိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပြောင်းတွေတော့ ပေါ်ပြီ။ ဒါပေမယ့် ဈေးမကောင်းဘူး။ စပါးတွေလည်း ပိုးကျပြီး ထွက်နှုန်း မကောင်းနိုင်ဘူး။ ပြီးတော့ ရွာကို လျှပ်စစ်သွယ်ဖို့အတွက် မီတာတလုံးကို ငွေတသိန်းကျော် သွင်းရဦးမယ်” လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။

ဒီမော့ဆိုးမြို့နယ်မှာတော့ လာမယ့် ၁၀ ရက်နေ့ နောက်ဆုံးထား ပေးသွင်းရတော့မှာပါ။ အိမ်ထောင်စုတစုကို သတ်မှတ်နှုန်း ၅၀၀၀ ကျပ်စီ ပေးသွင်းဖို့ သတ်မှတ်ထားတာပါ။

မနှစ်ကတော့ အဆင်မပြေတာတွေကို တင်ပြပြီး သတ်မှတ်နှုန်းထက် လျှော့သွင်းဖို့ ညှိနှိုင်းနိုင်ခဲ့ပြီး အဆင်ပြေခဲ့တယ်လို့ သူကဆိုပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ လွိုင်ကော်ဆက်ဆံရေးရုံး ဒု-တာဝန်ခံ ခူတော်ရယ်က “ကရင်နီပြည်က အရင်ကတည်းက လွတ်လပ်တဲ့ပြည်အဖြစ် ရပ်တည်ခဲ့တာ။ ဒီလို အခွန်ကလည်း အဲဒီကတည်းက သတ်မှတ်ခဲ့တာပါ။ ကျနော်တို့ရည်မှန်းချက်က တန်းတူအခွင့်အရေးရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့။ ဒီတာဝန်တွေ ထမ်းဆောင်ဖို့အတွက် အခွန်တွေ သတ်မှတ်ထားပါတယ်။ လျှော့ပေါ့ပေးခဲ့တာတွေလည်း ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တအိမ်ထောင်စုကို အမျိုးသားခွန်အဖြစ် ဆန်တပုံး (နို့ဆီဘူး ၆၀)၊ ဒါမှမဟုတ် ဒါနဲ့ညီမျှတဲ့ ငွေကြေး၊ စီးပွားခွန်အဖြစ် ရရှိတဲ့ အမြတ်အစွန်းရဲ့ ၂ ရာခိုင်နှုန်း အကြမ်းဖျင်း သတ်မှတ်ထားတယ်လို့ သူကဆိုပါတယ်။

“ဒါက အရင် ကရင်နီခေါင်းဆောင်တွေ လက်ထက်ကတည်းက သတ်မှတ်ခဲ့တာပါ။ အခွန်နှစ်ထပ် ဖြစ်နေတယ် ဆိုတာလည်း မှန်ပါတယ်။ မုဆိုးဖို၊ မုဆိုးမတွေ၊ ဆင်းရဲတဲ့သူတွေကို ရပ်ရွာက ထောက်ခံပေးရင် ကင်းလွတ်ခွင့် ပေးထားပါတယ်” လို့ ခူတော်ရယ်က ပြောပါတယ်။

ကရင်နီပြည် (ကယားပြည်နယ်) ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တခုအဖြစ် ရပ်တည်ခဲ့ပြီး အင်္ဂလိပ်လက်အောက်ကိုလည်း မကျရောက်ခဲ့ဘဲ လွတ်လပ်ရေးရတဲ့အချိန်မှ ပြည်ထောင်စုမှာ ပါဝင်လာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013