DVB Logo
Home
မြန်မာသတင်း
မြန်မာ့ အသက်အကြီးဆုံး ဘိုးဘွား ၂ ဦးကို ဆုချီးမြှင့်
DVB
·
October 5, 2016
မြန်မာ့ အသက်အကြီးဆုံး ဘိုးဘွား ၂ ဦးကို ဆုချီးမြှင့်
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဘိုးဘွား ၂ ဦးကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ကျပ်ငွေ ဆယ်သိန်းစီ ချီးမြှင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အနေနဲ့ အသက် ၁၂၃ နှစ်ရွယ်ရှိ အဘွားတဦးနဲ့ အသက် ၁၁၉ နှစ်ရှိ အဖိုးတဦးတို့ကို ဆုချီးမြှင့်ခဲ့တာလို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ဒီဗွီဘီကို ပြောပါတယ်။

“အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့မှာ အသက်အကြီးဆုံး အဘိုးနဲ့ အဘွားကို ဆုငွေ ၁၀ သိန်း ပေးအပ်ခဲ့ပါတယ်။ အသက်အကြီးဆုံး အဘိုးက ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မှာ ရှိတဲ့ ဦးအိုက်ခမ်း၊ သူက အသက် ၁၁၉ နှစ်၊ အသက်အကြီးဆုံးအဘွားက ဒေါ်ထွေးလို့ခေါ်တယ်။ ပဲခူးတိုင်း ဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ရှမ်းရွာကျေးရွာ အုပ်စု သရက်ပင်ကုန်းရွာမှာနေတယ်။ ဒေါ်ထွေးက ၁၂၃ နှစ်၊ ဒါကြောင့် မြန်မာပြည်မှာ အသက်အကြီးဆုံးက ဒေါ်ထွေးလို့ ပြောလို့ရတယ်။”

ဒါ့အပြင် မြန်မာတပြည်လုံးက အသက် ၉၂ နှစ်အထက် ဘိုးဘွား ၂၃၁၈၇ ဦးကို ကျပ်ငွေ ၁ သောင်းခွဲစီ၊ အသက် ၁၀၂ နှစ်အထက် ဘိုးဘွား ၁၁၇၈ ဦးကို ကျပ်ငွေ ၂ သောင်းစီ ပေးအပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒါဟာ ပြည်နယ်နဲ့တိုင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ပေးပို့လာတဲ့ စာရင်းတွေအရပဲဖြစ်ကြောင်း၊ လက်လှမ်းမမီတဲ့ ဒေသမှာလည်း ဘိုးသက်ရှည်၊ ဘွားသက်ရှည်တွေ ရှိနိုင်တယ်လို့ ဆို ပါတယ်။
အန်အယ်လ်ဒီ အစိုးရတက်ပြီးတဲ့နောက် ရက်ပေါင်း ၁၀၀ စီမံချက်နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသက် ၉၀ ကျော် ဘိုးဘွားစာရင်းတွေ ကောက်ယူပြီး နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေနဲ့ ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

မြန်မာပြည်က အသက်အကြီးဆုံး ဦးအိုက်ခမ်း ခေါ် နန်ခမ်းနော် ဟာ လက်ရှိ ကျန်းမာရေးကောင်းမွန်ပြီး တံခွန်တိုင်လုပ်ရောင်းနေကြောင်း၊ သားသမီး ၅ ယောက် မြေးမြစ် ၃၀ ကျော်ရှိကာ လယ်ယာခြံလုပ်ငန်းတွေလုပ်ကိုင်ခဲ့ပြီး စိတ်ချမ်းသာလို့ ခုလိုအသက်ရှည်နေတာလို့ သမီးေ ထွးဖြစ်သူ နန်းဆိုင်က ဒီဗွီဘီကို ပြောပါတယ်။

တာချီလိတ် လ၀ကနဲ့ တာဝန်ရှိသူတွေက အိမ်ကိုရောက်လာပြီး လ၀က မှတ်ပုံတင်စာရင်းမှာ ဖခင်ဖြစ်သူ အသက် ၁၁၈ နှစ်ရှိကြောင်း မနှစ်က လာရောက် အကြောင်းကြားပြီး ဆုငွေ ၁၀ သိန်းချီးမြှင့်လို့ အံ့သြ၀မ်းသာဖြစ်ရကြောင်း၊ ဒီနှစ်လည်း ဆယ်သိန်း ထပ်မံရရှိကြောင်း၊ နောင်နှစ်တွေမှာလည်း ဆုချီးမြှင့်ဦးမယ်လို့ တာဝန်ရှိသူတွေ ပြောသွား တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013