DVB Logo
Home
မြန်မာသတင်း
ဓမ္မာရုံက အသံချဲ့စက်ကြိုးဖြုတ်သူ နယ်သာလန်နိုင်ငံသားကို ပုဒ်မ ၂ ခုဖြင့် စွဲချက်တင်
DVB
·
October 5, 2016
ဓမ္မာရုံက အသံချဲ့စက်ကြိုးဖြုတ်သူ နယ်သာလန်နိုင်ငံသားကို ပုဒ်မ ၂ ခုဖြင့် စွဲချက်တင်
Donate to DVB

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းမှာရှိတဲ့ ဓမ္မာရုံတခုအတွင်းက ပဌာန်းရွတ် ရာသုံးတဲ့ အသံချဲစက်ကြိုးအား ဆွဲဖြုတ်ခဲ့တဲ့ နယ်သာလန်နိုင်ငံကားကို ပုဒ်မ ၂ ခုနဲ့ စွဲချက်တင်လိုက်ပါတယ်။

နယ်သာလန်နိုင်ငံသား Mr.Klaas Haijtema ကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁) တို့နဲ့ အောက်တိုဘာ ၄ ရက်နေ့က မဟာအောင်မြေမြို့ နယ်တရားရုံးမှာ စွဲချက်တင်လိုက်တာပါ။

မဟာအောင်မြေမြို့နယ် တရားရုံးရဲ့ ပြန်ကြားရေးအရာရှိ ဒေါ်ဖြိုးကေခိုင်က “ပုဒ်မ ၂၉၅ နဲ့ စွဲထားတဲ့ ပြစ်မှုကတော့ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဓမ္မာရုံထဲကို ပရိတ်တရား ရွတ်ဖတ်နေတဲ့ အချိန်အတွင်းမှာ ဘာသာသာသနာ စော်ကားတယ်လို့ ယူဆနိုင်ရာဖြစ်တဲ့ ဓမ္မာရုံထဲကို ဖိနပ်စီးဝင်တယ်။ နောက်အသံချဲ့စက်ကြိုးကို ဆွဲဖြုတ်ဖျက်ဆီးတယ်ဆိုတဲ့ ဖောက်ဖျက်ချက်တွေ ရှိတဲ့အတွက်ကြောင့်မို့၊ သက်သေခံချက်တွေရှိတဲ့အတွက်ကြောင့်မို့ ရုံးကနေပြီး ပုဒ်မ ၂၉၅ နဲ့ စွဲချက်တင်ထားတာပါ။ နောက် လ၀က ဥပဒေပုဒ်မ ၁၃ (၁) နဲ့ စွဲချက်တင်ထားတဲ့အမှု ရှိပါတယ်။ အဲဒီမှာ စွဲချက်တင်တဲ့အကြောင်းအရာကတော့ အိမ်ရှင်မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေ ဘာသာသာသနာ ဓလေ့ထုံးတန်းစဉ်လာတွေကို စောင့်ထိန်းလိုက်နာမယ်ဆိုတဲ့ ဗီဇာ စည်းကမ်းချက်တွေကို ဖောက်ဖျက်တယ်ဆိုတဲ့ ပုဒ်မ ၁၃(၁) နဲ့ စွဲချက်တင်တာပါ။” လို့ ပြောပါတယ်။

တရားရင်ဆိုင်နေရတဲ့ Mr.Klaas Haijtema ကတော့ ဓမ္မာရုံကို ဘာသာရေး အဆောက်အအုံတခုဖြစ်ကြောင်း မသိဘူးလို့ တရားခွင်မှာ ထွက်ဆိုထားပါတယ်။
မြန်မာနိုင်ငံကို အလည်အပတ်ခရီးရောက်ရှိလာတဲ့ နယ်သားလန်နိုင်ငံသား Mr.Klaas Haijtema ဟာ စက်တင်ဘာ ၂၃ ရက်နေ့ည ၁၀ နာရီကျော်က မဟာအောင်မြို့နယ်အတွင်းက ဓမ္မာရုံက ဖွင့်ထားတဲ့ အသံချဲစက်နဲ့ ပဋ္ဌာန်းရွတ်နေတာကို ဆူညံလို့ဆိုပြီး ဓမ္မာရုံအတွင်းဝင်ရောက်က အသံချဲ့စက်ကြိုးကို ဆွဲဖြုတ်ခဲ့တာပါ။

Mr.Klaas Haijtema ကို ဓမ္မာရုံတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးကျော်ဆန်းက တရားလိုလုပ်ပြီး စွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ အာက်တိုဘာ ၆ ရက်နေ့ ရုံးချိန်းပြန်လည်ချိန်းဆိုထားပါတယ်။
မန္တလေးဒေသခံ စာရေးဆရာ ညီပုလေးကတော့ တကယ်တမ်း ဒီနိုင်ငံခြားသားကို စွဲချက်မတင်သင့်ဘူးလို့ ပြောပါတယ်။

“ကျနော်ပုဒ္ဓဘာသာတယောက်ပါ။ ဘာသာရေး မပစ်ပယ်ဘူးဗျာ။ ဒါပေမယ့် အသံချဲ့စက်တွေ အချိန်မတော် ကျယ်ကျယ်လောင်လောင်ဖွင့်တာ အနှောင့်အယှက်ဖြစ်တာတော့ အမှန်ပဲဗျာ။ ဘာသာရေးပဲဖြစ်ဖြစ်၊ အလှူခံပဲဖြစ်ဖြစ်၊ သီးချင်ပဲဆိုဆို၊ ကျနော်တို့ နားချင်တဲ့အချိန်၊ ကျနော်တို့ တိတ်တိတ်ဆိတ်ဆိတ်နေချင်တဲ့အချိန်မှာ အသံချဲ့စက် ကျယ်ကျယ်ဖွင့်ရင် အနှောင့်အယှက်ဖြစ်ပါတယ်။ ဒီလူငယ်လေးအမှုက ကျနော်တို့ ဒီလောက်ကြီးကျယ်တဲ့ ရက်ရှည်လများချုပ်ပြီး အခုလို အရေးယူလောက်တဲ့ အမှုမျိုး မဟုတ်ဘူးလို့ ထင်တယ်။ ကျနော်တို့ ယဉ်ကျေးမှုချင်း မတိုက်ဆိုင်တာ ဖြစ်ပါလိမ့်မယ်။ ဒီလိုမျိုးစွဲချက်တင်တယ်၊ စီရင်ချက်ထွက်တယ်ဆိုရင် သူကလည်း ပြောမှာပဲ ငါတို့ မြန်မာပြည်သွားတာ ဒီလိုဖြစ်တယ်ဆိုတာ တယောက်ကနေ နှစ်ယောက် မလာချင်ဘူးဗျ။ ဟိုတယ်နဲ့ခရီးလုပ်ငန်းလည်း ထိခိုက်ပါတယ်။ နောက် ကျနော်တို့ မန္တလေးမြို့က ယဉ်ကျေးတယ်တို့ ဖော်ရွေတယ်လို့ မိတ်ဆက်ကြတဲ့မြို့ဗျာ။ အဲဒီမြိုရဲ့ ဂုဏ်သိက္ခာလည်း နွမ်းပါးစေတယ်။ မြို့ရဲ့ ပုံရိပ်ကိုလည်းထိခိုက်တယ်။ လူမျိုးရော ဘာသာရဲ့ ပုံရိပ်လည်း ထိခိုက်စေတယ်လို့ထင်ပါတယ်။”

ရပ်ကွက်အတွင်း အများပြည်သူ နားမခံနိုင်လောက်တဲ့ ဆူညံသံတွေ ဖန်တီးတာဟာ ဥပဒေကြောင်းအရ အရေးယူနိုင်သလို ထောင် ၆ လအထိ ချခံရနိုင်ပါတယ်။

အုပ်ချုပ်ရေးအာဏာပိုင်က တားမြစ်တာကို ဆက်လက်လုပ်မယ်ဆိုရင် ရာဇသတ်ကြီးပုဒ်မ ၂၉၁ အရ ထောင်ဒဏ် ၆ လအထိ ချမှတ်ခံရနိုင်သလို ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေရဲ့ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကို ၃ ရက် ကြိုတင်ရမယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013