DVB Logo
Home
မြန်မာသတင်း
ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို မပြင်ဆင်ဘဲ အမြန်အတည်ပြုရန် မန်းဝင်းခိုင်သန်း တိုက်တွန်း
DVB
·
October 4, 2016
ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို မပြင်ဆင်ဘဲ အမြန်အတည်ပြုရန် မန်းဝင်းခိုင်သန်း တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုထားတဲ့အတိုင်း ထပ်မံဖြည့်စွက်ပြင်ဆင်တာတွေ မလုပ်ဘဲ အမြန်ဆုံး အတည်ပြုပြဋ္ဌာန်းဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ အတည်ပြုပြီး ပေးပို့ထားတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒီကနေ့ အောက်တိုဘာ ၄ ရက် အမျိုးသားလွှတ်တော်မှာ ပြောသွားတာပါ။

“ယခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းဟာ အားနည်းချက်များကို ပြင်ဆင်ရေးဆွဲထားပြီး ဥပဒေရေးထုံးနဲ့ညီစေရန် ပြင်ဆင်အတည်ပြုပြီးမှ အမျိုးသားလွှတ်တော်ကို ပေးပို့လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း စီးပွားရေးနယ်ပယ် အသီးသီးမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ ရှိနေပြီး နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ဥပဒေတခု ဖြစ်နေတာကြောင့် ဆောလျင်စွာ အတည်ပြုပေးနိုင်ဖို့ လိုအပ်နေပါတယ်” လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီကလည်း လေ့လာတွေ့ရှိချက်တွေကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ အစီရင်ခံ တင်ပြသွားပါတယ်။

ပြည်သူ့လွှတ်တော်အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ပါ ပြဋ္ဌာန်းချက်တွေရဲ့ အားနည်းချက်တွေအပေါ် အခြေခံပြီး ပြည့်စုံကောင်းမွန်တဲ့ ပြဋ္ဌာန်းချက်တွေ ဖြစ်လာစေဖို့အတွက်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ပိုမိုရရှိစေဖို့နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရေးကို ပိုမို အထောက်အကူဖြစ်စေဖို့အတွက်လည်းကောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း သဘောတူညီချက်တွေပါ ပြဋ္ဌာန်းချက်တွေနဲ့ လိုက်လျောညီထွေမှု ရှိစေဖို့အတွက်လည်းကောင်း ပိုမိုပြည့်စုံစွာ ပါရှိနေတာကြောင့် အမျိုးသားလွှတ်တော်အနေနဲ့ ထပ်မံဖြည့်စွက်ဖို့ မရှိတာကြောင့် ပြည်သူ့လွှတ်တော်အတိုင်း အတည်ပြုဖို့ အစီရင်ခံ တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ၂၀၁၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ရပ်နဲ့ နိုင်ငံခြားသား၊ နိုင်ငံသား ခွဲခြားပြီး သီးခြားဆောင်ရွက်နေတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်မှာသုံးနေတဲ့ တည်ဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွေမှာ ခွင့်ပြုမိန့်ရဖို့ အဆိုပြုချက်တိုင်းကို ရင်နှီးမြှုပ်နှံမှု ကော်မရှင်ကို တင်ပြရခြင်း၊ နှစ်ရှည်မြေငှားရမ်းခွင့်အတွက် ကော်မရှင်ခွင့်ပြုချက် ယူရခြင်း၊ နစ်နာမှုဖြေရှင်းတဲ့ နည်းလမ်းတွေ မပါခြင်း၊ နိုင်ငံခြားငွေလွှဲ ပြောင်းနိုင်ခွင့်မှာ ငွေကြေးဆိုင်ရာ ဖော်ပြချက်များ ပြည့်စုံစွာ မပါခြင်း၊ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပြည့်စုံစွာ မပါရှိခြင်း၊ တင်ပြရမယ့် စာရွက်စာတမ်း အထောက်အထားများပြားခြင်း၊ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အာဏာ များပြားနေခြင်း၊ ၀င်ငွေခွန်ကင်းလွတ်ခွင့်ရနေလို့ တိုင်းပြည်ဘဏ္ဍာ နစ်နာခြင်း စတဲ့ အားနည်းချက်တွေ ရှိနေတယ်လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ နှစ်ခုရှိနေတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ခွဲခြားဆက်ဆံတယ်လို့ ထင်မြင်ယူဆနိုင်ပြီး ဒီဥပဒေနှစ်ရပ်မှာ ပြဋ္ဌာန်းချက်အတော်များများ ဆင်တူနေတာကြောင့် ဥပဒေနှစ်ခုထားတာထက် နှစ်ခုပေါင်းပြီး ပိုမိုပြည့်စုံတဲ့ ဥပဒေတရပ် ပြဋ္ဌာန်းသင့်ကြောင်းနဲ့ အာဆီယံမှာ မြန်မာတနိုင်ငံတည်းသာ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ရပ်ရှိတဲ့နိုင်ငံ ဖြစ်တဲ့အကြောင်း ထောက်ပြခဲ့ပါတယ်လို့ မန်းဝင်းခိုင်သန်းက ဆိုပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို စက်တင်ဘာ ၂၈ ရက်က ပြည်သူ့လွှတ်တော်မှာ  အတည်ပြုခဲ့တာဖြစ်ပြီး အမျိုးသားလွှတ်တော်မှာတော့ အောက်တိုဘာ ၅ ရက်နေ့မှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013