DVB Logo
Home
မြန်မာသတင်း
အင်းဝအပ်ချုပ်ဆိုင်အမှု ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် နယ်ထိန်းတို့ကို အရေးယူမည်
DVB
·
October 4, 2016
အင်းဝအပ်ချုပ်ဆိုင်အမှု ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် နယ်ထိန်းတို့ကို အရေးယူမည်
Donate to DVB

အင်းဝအပ်ချုပ်ဆိုင်ကိစ္စနဲ့ ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ နယ်ထိန်းတို့ကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၃ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက အခုလို ပြောဆိုသွားတာပါ။

ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ်ဆိုင်မှာ ကော့မှူးမြို့နယ်က အိမ်အကူ မိန်းကလေးနှစ်ဦးကို အပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုက ၅ နှစ်နီးပါးလောက် ညှဉ်းပန်းနှိပ်စက်ခဲ့တာနဲ့ ပတ်သက်ပြီး ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ ကော့မှူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့က မေးခွန်းတွေ မေးမြန်းတဲ့အပေါ် ရှင်းလင်းဖြေကြားသွားတာလည်း ဖြစ်ပါတယ်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့ကရော ဘာလို့အရေးမယူလဲ ဆိုတဲ့အပိုင်းမှာ ဒါ ကျနော်တို့ ဖြစ်စဉ်ဖြစ်ပြီးမှ စိစစ်ခိုင်းလိုက်တော့ စိစစ်လိုက်တဲ့အချိန်မှာ သူတို့က စိစစ်တဲ့ဟာကိုပဲ ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဥပဒေအရ ပြစ်မှုကျူးလွန်နေပြီဆိုရင် အက်ရှင်ယူရမယ်၊ အရေးယူရမယ့်အပိုင်း ဖြစ်ပါတယ်။ အဲဒီလို အရေးမယူတဲ့အတွက်လည်းပဲ သက်ဆိုင်ရာရှိတဲ့ ခရိုင်ရဲမှူးရော၊ မြို့နယ်မှူးရော၊ နယ်ထိန်းရော အားလုံးကို ကျနော်တို့ စုံငုံတပ်ချုပ် ရေးနေပြီဖြစ်ပါတယ်။ ကျနော်တို့ ရဲစည်းကမ်းအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်” လို့ ပြောပါတယ်။

ဒီဖြစ်စဉ်ကို စတင်ဖော်ထုတ်ခဲ့တဲ့ Myanmar Now သတင်းဌာနက ဦးဆွေဝင်းက ကျောက်တံတားရဲစခန်းကို စတင်တိုင်ကြားခဲ့ပေမယ့် ထူးခြားမှုမရှိတာကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဆက်လက်တိုင်ကြားခဲ့ပြီး နောက်ပိုင်းမှသာ ကျောက်တံတားရဲစခန်းက အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အင်းဝအပ်ချုပ်ဆိုင်က မိသားစုဝင် ၆ ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေနဲ့ စတင်စစ်ဆေးနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013