
ယီမင်နိုင်ငံထဲက အီရန်ကိုလိုလားတဲ့ ဟူသီသူပုန်အဖွဲ့က အောက်တိုဘာ ၃ ရက်မှာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ မြို့တော်ရီယာ့ဒ်ရှိ အာရမ်ကိုကုမ္ပဏီရဲ့ စက်ရုံ အဆောက်အအုံတခုကို ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ယီမန်နိုင်ငံရဲ့ မြို့တော်ဆာနာနဲ့ တခြားပြည်နယ်တွေ အပေါ် ဆော်ဒီဘက်က လုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်လုပ်ဆောင်တာလို့ ဟူသီတွေက ပြောပါတယ်။
ရီယာ့ဒ်မြို့က အာရမ်ကို စက်ရုံအနီးတဝိုက်မှာ မီးခိုးလုံးကြီးတွေနဲ့ မီးတောက်တွေ တက်လာတာကို တွေ့မြင်ခဲ့ရတယ်လို့ မျက်မြင်သက်သေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အာရမ်ကို စက်ရုံတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဆော်ဒီအာဏာပိုင်တွေဆီက အတည်ပြုချက် ချက်ချင်း ထွက်မလာသေးသလို အာရမ်ကိုကုမ္ပဏီဘက်ကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် ချက်ချင်းမတုံ့ပြန်ပါဘူး။
ဆော်ဒီအာရေဗျနဲ့ ဟူသီတို့အကြား ပဋိပက္ခတွေ ပိုပြင်းထန်လာချိန်မှာ ခုလိုတိုက်ခိုက်မှုသတင်း ထွက်လာတာပါ။
ဟူသီတို့က ဆော်ဒီမြို့ကြီးတွေနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေအပေါ် ပိုတိုး တိုက်ခိုက်နေပါတယ်။
ယန်ဘူမြို့က ဆော်ဒီအာရမ်ကို စက်ရုံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဟူသီတို့က ပြီးခဲ့တဲ့အပတ်က ပြောပါတယ်။
ဆော်ဒီအာရေဗျဘက်ကတော့ ဟူသီတို့ ပစ်ခတ်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည် ၆ စင်းကို တိုက်ဖ်နဲ့ ယန်ဘူဒေသတွေဆီ မရောက်မီ ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပေမဲ့ အာရမ်ကို စက်ရုံတွေ ထိခိုက်ပျက်စီးမှု ရှိမရှိကို ထုတ်မပြောခဲ့ပါဘူး။










