DVB Logo
Home
Lead Story
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ စကားလုံးတွဲအလှနဲ့ အရုပ်ဆိုးတဲ့ အဓိပ္ပာယ်
DVB
·
October 3, 2016
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ စကားလုံးတွဲအလှနဲ့ အရုပ်ဆိုးတဲ့ အဓိပ္ပာယ်
Donate to DVB

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကတော့ လှပတဲ့ စကားလုံးတွဲတခုကို ထိုင်းနိုင်ငံအစိုးရအပေါ် စတင်သုံးစွဲလိုက်တာကို တွေ့ရပါတယ်။ အဖွဲ့ကြီးရဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (၂၈.၉.၂၀၁၆) က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ နှိပ်စက်ညှဉ်းပန်းမှု အမှုအခင်း ၇၄ ခုရဲ့ အထောက်အထားတွေအရ ထိုင်းအာဏာသိမ်းအစိုးရရဲ့ စစ်သားတွေနဲ့ ပုလိပ်တွေဟာ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ ဆိုးဝါးတဲ့ ပြုမူဆက်ဆံမှုတွေ လုပ်ခဲ့ကြတယ်လို့ ဖော်ပြပြီး ထိုင်းအစိုးရက သူ အာဏာသိမ်းခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး နှိပ်စက်ညှဉ်းပန်းတဲ့ ယဉ်ကျေးမှုကို ခွင့်ပြုထားပြီး ရှင်သန် ကြီးထွားအောင် လုပ်နေတယ်လို့ စွပ်စွဲပြစ်တင်ထားတာ တွေ့ရပါတယ်။ စကားလုံး အတွဲအစပ်အရ လှပပေမယ့် အနက်အဓိပ္ပာယ်အရတော့ အရုပ်ဆိုးတယ်လို့ ပြောရမှာပါပဲ။

အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ရိုက်နှက်တာတွေ၊ ပလတ်စတစ်အိတ်တွေနဲ့စွပ်ပြီး အသက်ရှူမွန်းကျပ်အောင် လုပ်တာတွေ၊ လက်နဲ့ ကြိုးသုံးပြီး လည်ပင်းညှစ်တာတွေ၊ မလှုပ်နိုင်အောင် ချုပ်ထားပြီး မျက်နှာပေါ် ရေလောင်းချပြီး ရေနစ်သလို မွန်းကျပ်အောင် လုပ်တာတွေ၊ လိင်အင်္ဂါတွေကို လျှပ်စစ်ဓာတ်နဲ့ တို့တာတွေနဲ့ အရှက်ရစေတဲ့ နှိပ်စက်ညှဉ်းပန်းနည်းတွေကို အသုံးချခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ထိုင်းစစ်အစိုးရကတော့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ငြင်းပယ်လိုက်ပါတယ်။

ထိုင်းစစ်အစိုးရ ၀န်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ဆင်ဆမ်ခေခမ်းနတ်က “အဲဒီိလို စွပ်စွဲမှုတွေကို ကျနော်တို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့အခါ ညှဉ်းပန်းနှိပ်စက်တဲ့ လက္ခဏာတွေ မတွေ့ရပါဘူး။ နှိပ်စက်ညှဉ်းပန်းတဲ့ပုံစံကို ကျနော် မတွေ့ခဲ့ရပါဘူး။ ထိုင်းပြည်သူတွေကလည်း ညှဉ်းပန်းနှိပ်စက်တဲ့ လက္ခဏာမျိုးတွေ မတွေ့မြင်ခဲ့ကြပါဘူး” လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တကယ်တော့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သူ့ရဲ့ အစီရင်ခံစာကို ထုတ်ပြန်ဖို့ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ဖို့ စီစဉ်ထားသလို အဖွဲ့တာဝန်ရှိ ပုဂ္ဂိုလ် ၂ ယောက်က အဲဒီမှာ စကားပြောဖို့လည်း အစီအစဉ်ထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအစဉ်ကို ဒေသအာဏာပိုင်တွေက စကားပြောရင် ပြောတဲ့သူတွေကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ခဲ့လို့ သတင်းစာရှင်းလင်းပွဲ အစီအစဉ်ကို ဖျက်သိမ်းပစ်ခဲ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အိုမာဝါရိုင်းကတော့ သတင်းစာရှင်းလင်းပွဲမှာ စကားပြောတာကို တရားဥပဒေအရ အရေးယူလို့ရတယ်လို့ သူတို့ကို ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။

သူက  “အာဏာပိုင်တွေက အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ကိုယ်စားလှယ်တွေ စကားပြောခဲ့မယ်ဆိုရင် သူတို့ဟာ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေကို ချိုးဖောက်တာပဲ ဖြစ်တယ်” လို့ ပြောဆိုခဲ့ကြတယ်လို့ ပြန်ရှင်းပြခဲ့ပါတယ်။ ဒီထက် တိတိကျကျတော့ သူတို့ ဘာမှ ထပ်မပြောခဲ့ပါဘူးလို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ ကြိုးစားနေတဲ့သူတွေရော ရွှေ့ပြောင်းအလုပ်သမားတွေပါ အဖမ်းအဆီးခံရမှာ၊ အငတ်ငတ်အပြတ်ပြတ် ဖြစ်မှာကို စိုးရိမ်းကြောက်လန့်ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုပေးဖို့ တောင်းဆိုလာတာတွေကို ထိုင်းအစိုးရက တုံ့ပြန်မှု မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် အစီရင်ခံစာ ထုတ်ပြန် သတင်းစာရှင်းလင်းပွဲလုပ်ဖို့ စီစဉ်ထားတဲ့ ဘန်ကောက်မြို့က Four Wings ဟိုတယ်ရဲ့ တံခါးစောင့်ကတော့ အလုပ်သမားဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ ဟိုတယ်ကိုလာပြီး အစီအစဉ်ကို တားဆီးသွားတယ်လို့ ဒီပီအေ ဂျာမန်သတင်းဌာနကို အတည်ပြု ပြောကြားခဲ့တယ်လို့ သိရပါတယ်။

စာဖတ်သူတွေ သိရှိခဲ့ကြပြီးဖြစ်တဲ့ အချက်အလက်တခုဖြစ်တဲ့ အရှေ့တောင်အာရှဒေသရဲ့ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ လူထုထောက်ခံခဲ့တဲ့ အစိုးရကို လမ်းပေါ်ထွက် ကန့်ကွက် ဆန့်ကျင်မှုတွေ အင်အားသိပ်ကောင်းလာတဲ့အချိန်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်က အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့နဲ့ နိုင်ငံအေးချမ်းသာယာရေးအတွက် ဒီလို ၀င်ရောက် အာဏာကို ရယူခဲ့ရတာပါလို့ ပြောပြီး နိုင်ငံအာဏာကို အနိုင်အထက် လက်နက်အင်အားသုံး ရယူခဲ့တာကို မေ့ပစ်လိုက်လို့ မဖြစ်ပါဘူး။

စစ်တပ်ဟာ ကိုယ်နဲ့မဆိုင်တဲ့ အလုပ်ကို ၀င်လုပ်လိုက်တာကတော့ ကျနော်တို့ မြန်မာနိုင်ငံနဲ့ အတူတူပဲလို့ ပြောရင် မမှားလောက်ပါဘူး။ တိုင်းပြည်အာဏာဟာ ပြည်သူလူထုတွေဆီကပဲ စီးဆင်းရမယ်ဆိုတဲ့ ဒီမိုကရေစီ အခြေခံမူကို ဖောက်ဖျက်လိုက်တာပဲ ဖြစ်ပါတယ်။ ပြည်သူတွေက တရားဝင် တိုင်းပြည်အုပ်ချုပ်ခွင့် ပေးမထားဘဲနဲ့ အတင်း ကိုယ့်သဘောဆန္ဒနဲ့ကိုယ် ၀င်ပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တရားမ၀င်အစိုးရ လုပ်ခဲ့ကြတာပါပဲ။

ဒါပေမယ့် အဲဒီ တရားမ၀င် စစ်အာဏာသိမ်း အစိုးရတွေက သူတို့ မတရားသိမ်းယူထားတဲ့ အာဏာကို တရားဝင်ဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း ဖောက်ပြန်တဲ့ ပညာတတ် လူတန်းစား အလိုတော်ရိတွေရဲ့ ဉာဏ်နီဉာဏ်နက်ဉာဏ်စိမ်းတွေရဲ့ အကြံဉာဏ်တွေကို ရယူပြီး အကန့်အသတ်ရှိတဲ့ အပြသက်သက် ရွေးကောက်ပွဲတွေကနေ အနိုင်ရအောင် ထိန်းချုပ်ကစား၊ တရားဝင်အာဏာရှင် (ကျနော်တို့နိုင်ငံကတော့စစ်အာဏာရှင်) အစိုးရတွေ ဖြစ်လာအောင် ဖန်တီးတည်ဆောက်နိုင်ခဲ့ကြပါတယ်။

အထင်ရှားဆုံး ဥပမာကတော့ ကမ္ဘာပေါ်မှာ မရှိခဲ့ဘူးတဲ့ အခြေခံဥပဒေဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ကိုင်စွဲပြီး ဒီမိုကရေစီ အစိုးရဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို ရုပ်သေးအစိုးရအဖြစ် တင်မြှောက်ထားနိုင်ခဲ့တာကို မြန်မာနိုင်ငံသားတွေသာမက နိုင်ငံတကာက နိုင်ငံရေး သိမီသူတွေ သိရှိခဲ့ကြပြီးဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ကတော့ ဒီအချက်ဟာ လုံးဝ မမှားနိုင်ဘူးလို့ ယုံကြည်ထားပါတယ်။

ထိုင်းအာဏာသိမ်း အစိုးရက အာဏာသိမ်းပြီးပြီးချင်းပဲ ဒီမိုကရေစီရေး လူထုဆန္ဒပြပွဲတွေကို အပြီးသတ်ပစ်လိုက်ပြီး နောက်ပိုင်းမှာ လူထုဆန္ဒပြပွဲဆိုတဲ့ ဒီမိုကရေစီ အခွင့်အရေးကိုလည်း အသုံးပြုခွင့် ပိတ်ပင်လိုက်ပါတယ်။

သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်တွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ အသံလွှင့်အစီအစဉ်တွေရဲ့ ထုတ်လွှင့်ခွင့်ကို ကာလရှည်ကြာ ပိတ်ပင်ထားခဲ့တာကို တွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးဟာ ကျနော်တို့ မြန်မာနိုင်ငံအတွက်တော့ မဆန်းလှဘူးဆိုတာ သိမြင် သဘောပေါက်ကြပြီး ဖြစ်မှာပါ။

အာဏာရှင်အစိုးရ အထူးသဖြင့် စစ်အာဏာရှင် အစိုးရတွေရဲ့ သဘာဝကတော့ အတူတူပါပဲ။ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ပိတ်ပင်ဟန့်တားပြီး အာဏာရှင် အုပ်စုတွေကပဲ အကျိုးစီးပွား ရယူခဲ့ကြ၊ ရယူနေကြဆဲဖြစ်တယ် ဆိုတာကို မြန်မာ့သမိုင်းစာမျက်နှာတွေနဲ့ ကမ္ဘာ့သမိုင်းစာမျက်နှာတွေမှာပါ တွေ့မြင်နိုင်ပါတယ်။ ခုထိလည်း မမှားသေးပါဘူး။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာမှုအဖွဲ့ကတော့ သူ့ရဲ့အစီရင်ခံစာမှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ ဥပဒေလို ထုတ်နေတဲ့ အမိန့်တွေက အုပ်ချုပ်ရေးအာဏာပိုင်တွေကို အဆက်အသွယ်ဖြတ် ဖမ်းဆီးခွင့်ကို ခွင့်ပြုထားလိုက်သလိုပဲလို့ ဖော်ပြခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ရာဖင်ဒါရာမင်ကတော့ “သူတို့ဖန်တီးထားတဲ့ ဥပဒေရဲ့အားကို သုံးပြီး ထိုင်းစစ်အာဏာပိုင်က ခံရတဲ့သူတွေအတွက် ဘာတရားမျှတမှုကိုမှ မပေး၊ ကျူးလွန်တဲ့သူတွေကိုလည်း ဘာတာဝန်ရှိမှုမှ အလေးထားစရာမလိုဘဲ နေနိုင်တဲ့ ညှဉ်းပန်းနှိပ်စက်ခြင်း ယဉ်ကျေးမှုကို ရှင်သန်ကြီးထွားအောင် လုပ်ပေးနေတာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

မတ်လထဲမှာ ထိုင်းအစိုးရက ပုလိပ်အဖွဲ့က လုံလောက်တဲ့ ကိုင်တွယ်ဆောင်ရွက်မှု မလုပ်နိုင်သေးတဲ့ ရာဇ၀တ်မှုတွေအတွက် ဖမ်းဆီးထိန်းသိမ်းခွင့် အခွင့်အာဏာကို စစ်သားတွေကို ပေးအပ်ခဲ့ပါတယ်။

ဘယ်တုန်းကမှ ကျေးလက်မြို့ပြ လူမှုဆက်ဆံရေးနဲ့ ပြဿနာတွေနဲ့ အထိအစပ်မရှိခဲ့၊ ကင်းကွာခဲ့တဲ့ စစ်တပ် (စစ်သား) တွေကို ထင်သလို ဖမ်းဆီးထိန်းသွင်းခွင့် ပေးလိုက်တာဟာ ထိုင်းနိုင်ငံမှာ အမြစ်တွယ် စွဲမြဲပြီးဖြစ်တဲ့ ဒီမိုကရေစီ အခြေခံမူတွေနဲ့ အတိအလင်း ဆန့်ကျင်နေတာကို တွေ့ရပါတယ်။

ကျနော်တို့ စိုးရိမ်တာက နိုင်ငံတနိုင်ငံရဲ့ တရားဝင်လူထုက ရွေးချယ်တင်မြှောက်ခဲ့တဲ့ အစိုးရတရပ်ကို ဒီလိုပဲ အကြောင်းအမျိုးမျိုးပြပြီး လက်နက်ကိုင် စစ်တပ်တခုက အာဏာသိမ်းယူ၊ နိုင်ငံကို အတင်းတက်အုပ်ချုပ်တာမျိုးကို ယဉ်ကျေးမှုအရ နိုင်ငံတကာက၊ လူ့အဖွဲ့အစည်းက လက်သင့်ခံကြမှာပါလား။ အသိအမှတ်ပြုကြမှာပါလား။ လက်ခံလိုက်ပြီ၊ အသိအမှတ်ပြုလိုက်ပြီ ဆိုကတည်းက ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒီမိုကရေစီအခြေခံမူကို ချိုးဖောက်လိုက်တာပဲလို့ ပြောရမှာပါပဲ။

ဒါပေမယ့် ခုတော့ ထိုင်းအစိုးရက စစ်အာဏာရှင်တွေရဲ့ အာဏာနဲ့ နက်ရှိုင်းတဲ့ သွေးကွဲမှုတွေကို အကာအကွယ် ကောင်းကောင်းပေးနိုင်ဖို့ လုပ်နေတာတွေကို  အတိုက်အခံတွေက ဆန့်ကျင် ပြောဆိုနေပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လက ထိုင်းနိုင်ငံမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြု ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံကြမလား၊ လက်ခံကြမလား ဆိုတာကို ပြည်သူ့ဆန္ဒစစ်တမ်း ကောက်ယူခဲ့ပါတယ်။

စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရာနှုန်းအများစုက လက်ခံခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ တကယ်တော့ အာဏာရှင်တွေရဲ့ လုပ်လေ့လုပ်ထ ရှိတဲ့အတိုင်းပဲ လုပ်နေကြတာပါ။ စဉ်းစားကြဖို့ပါ။         ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013