DVB Logo
Home
မြန်မာသတင်း
သိန်း ၃၀ အောက် အင်းတွေကို ဒေသခံပြည်သူတွေ လုပ်ကိုင်ခွင့်ပေးဖို့ ဆန္ဒပြတောင်းဆို
DVB
·
October 3, 2016
သိန်း ၃၀ အောက် အင်းတွေကို ဒေသခံပြည်သူတွေ လုပ်ကိုင်ခွင့်ပေးဖို့ ဆန္ဒပြတောင်းဆို
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျေးရွာအုပ်စု ၅၆ အုပ်စု ကျေးရွာပေါင်း ၃၀၀ ကျော်က လူဦးရေ ၁၀၀၀ ကျော်ဟာ သူတို့ကို တနိုင်တပိုင်အင်းတွေ လုပ်ကိုင်ခွင့်ပြန်ပေးဖို့ ဒီကနေ့ ပန်းတနော်မြို့မှာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော် တောင်းဆိုလိုက်ကြပါတယ်။

မတရားကြေးတိုင်အင်းများ ဖျက်သိမ်းပေးရေး၊ ရေလုပ်သား အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းပေးရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး အလိုမရှိကြောင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့တာပါ။

ဆန္ဒပြပွဲကို ပန်းတနော်မြို့ လူစည်ကားရာနေရာတွေမှာ လှည့်လည်ဆန္ဒပြကြတာဖြစ်ပြီး အဓိကအားဖြင့် ဒေသခံတွေအနေနဲ့ သိန်း ၃၀ အောက်ရှိ အင်းတွေကို လုပ်ကိုင်ခွင့်ရဖို့ တောင်းဆိုတာလို့ ဦးဆောင်ဆန္ဒပြသူ ဦးမြင့်စန်းက ပြောပါတယ်။

“ကျနော်တို့ တောင်းတာကတော့ ကျပ် သိန်း ၃၀ အောက်ရှိတဲ့ အင်းတွေကို ငါးလုပ်ငန်း ၀န်ကြီး ဦးဘဟိန်းကနေပြီး ဒေသခံလုပ်ငန်းအစုအဖွဲ့တွေကို ပေးမယ်လို့ သူတို့က တရားဝင် စာထုတ်ထားတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဒေသခံအစုအဖွဲ့တွေကနေ လိုချင်တယ်ဆိုပြီး ကျနော်တို့ တောင်းဆိုတယ်။ ဒီတောင်းဆိုတာကို သူတို့ဘက်က မပေးခဲ့ဘူး။ အကြိမ်ကြိမ် ငါးဦးစီးနဲ့ ညှိနှိုင်းတယ်။ ကျနော်တို့ မြို့နယ်တွေ၊ တိုင်းတွေ၊ ခရိုင်အဆင့်ဆင့် စာတင်သော်လည်း ရရှိမှုလည်း မရှိတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့လ ၁၆ ရက်နေ့ ပုသိမ်မြို့မှာ တကြိမ်၊ အခုတကြိမ် ဆန္ဒပြတာ ဖြစ်ပါတယ်။”

ငါးမွေးမြူရေးလုပ်ကွက်တွေ ချပေးတဲ့အခါ အားလုံး မျှမျှတတဖြစ်ဖို့အတွက် ရေလုပ်သားသမဂ္ဂတွေနဲ့ အာဏာပိုင်တွေ ညှိနှိုင်းထားပေမယ့် လုပ်ငန်းရှင်တွေကိုပဲ ဦးစားပေး လုပ်ကိုင်ခွင့်ပြုလိုက်တဲ့အတွက် အခုလို ဆန္ဒပြတာ ဖြစ်တယ်လို့လည်း ဦးမြင့်စန်းက ပြောပါတယ်။

အစိုးရသစ် မတက်လာခင် အရင်အစိုးရလက်ထက်တွေ အဆက်ဆက်မှာ အင်းတွေကို ဒေသခံပြည်သူတွေ လုပ်ကိုင်စားသောက်ခွင့်မရဘဲ ငွေရှင်ကြေးရှင် ခရိုနီတွေပဲ လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။

အခု အစိုးရသစ်လက်ထက်မှာတော့ တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းက ပြည်သူတွေ လုပ်ကိုင်စားသုံးနိုင်ဖို့ ဆိုပြီး ကျပ်သိန်း ၃၀ အောက် အင်းတွေကို ပြည်သူတွေ၊ ရေလုပ်သားအစုအဖွဲ့ကို လုပ်ကိုင်ခွင့်ပေးဖို့ ပြီးခဲ့တဲ့ မေလက ညွှန်ကြားခဲ့ပါတယ်။

ဒါပေမယ့် မြို့နယ်ငါးလုပ်ငန်းဌာနက ဒေသခံတွေကို မပေးဘဲ ငွေရှင်ကြေးရှင်တွေကိုသာ ဆက်လက်လုပ်ကိုင်ခွင့်ပေးခဲ့တာလို့ ဦးမြင့်စန်းက ပြောပါတယ်။

“ကျနော်ခေါင်းဆောင်တဲ့ ရေလုပ်သားအဖွဲ့က အုပ်စု ၄ အုပ်စု မြစ်ဝအုပ်စု၊ ရေပေါ်ရေလဲ ကျေးရွာအုပ်စု၊ မိန်းမပြေးကျေးရွာအုပ်စု၊ ကြာလင်းကျေးရွာအုပ်စု ရွာပေါင်း ၁၆ ရွာရှိတဲ့ ရေလုပ်သားအဖွဲ့ အစုအဖွဲ့ကို တစုတည်းဖွဲ့ပြီးတော့ အင်းကြမ်းခင်းဈေး ၁၂ သိန်း ၃ သောင်း နီးပါးရှိတဲ့ အင်းလေးကို ကျနော်တို့ တောင်းတာပါ။ ဒီအင်းကလည်း ရေလျှံအင်းပါ။ ဧရာဝတီမြစ်ဝနဲ့ ပန်းတနော်မြစ်ဝနဲ့ တိုက်ရိုက်ဆက်သွယ်ထားတဲ့ အင်းချောင်းဖြစ်တဲ့အတွက် ဒေသခံရေ လုပ်သားတွေ စားဝတ်နေရေးအတွက် ကျနော်တို့ တောင်းဆိုတာပါ။ အင်းသားကြီးတွေ လာရောက်မလုပ်နိုင်အောင်လို့။ အင်းသားကြီးတွေလုပ်ရင် ပြည်သူလူထုတွေ ဖမ်းတယ် ဆီးတယ် ရိုက်တယ် နှက်တယ်။ တော်ရုံတန်ရုံ ရေလုပ်သားတွေ မလုပ်စားနိုင်ပါဘူး။ နောက် အင်းသားကြီးတွေကလည်း ငါးမျိုးတုံးနိုင်တဲ့ သုံးထပ်ပိုက်တို့၊ ရွက်တို့၊ ကွန်တို့၊ ကျားပိုက်တို့ ဒီလို နည်းပေါင်းစုံ ရှာဖွေတဲ့အတွက်ကြောင့် ငါးမျိုးတွေ ပြုန်းတီးရပါတယ်။ ဒါကြောင့် လုပ်သားပြည်သူ စနစ်တကျ ရှာဖွေစားသောက်မယ်။ ငါးမျိုးလည်း မပြုတ်နိုင်အောင်ဆိုပြီး ကျနော်တို့ အစုအဖွဲ့ကနေပြီး တောင်းခဲ့တာပါ။”

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်၊ အိမ်မဲ၊ ကျောင်းကုန်း၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်တွေမှာရှိတဲ့ အင်းငါးဖမ်းလုပ်ကွက်တွေရဲ့ လေလံဈေးဟာ အများဆုံး ငွေကျပ် သိန်း ၁၀၀ အထိရှိပြီး ဒေသခံတွေ လုပ်ပိုင်ခွင့်ရရှိရေး တောင်းဆိုထားတဲ့ ငါးဖမ်းလုပ်ကွက်တွေကတော့ သိန်း ၃၀ အောက်ရှိတဲ့ လုပ်ကွက်တွေဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013