DVB Logo
Home
မြန်မာသတင်း
မြေမြှုပ်မိုင်းနဲ့ ခြိမ်းခြောက်မှုကြောင့် ကရင်ရွာသားများ ထွက်ပြေးနေရ
DVB
·
October 3, 2016
မြေမြှုပ်မိုင်းနဲ့ ခြိမ်းခြောက်မှုကြောင့် ကရင်ရွာသားများ ထွက်ပြေးနေရ
Donate to DVB

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မယ်သဝေါဒေသမှာ အခုရက်ပိုင်း သေနတ်သံတွေ မကြားရတော့ပေမယ့် ဒေသခံပြည်သူတွေ ရွာမှာမနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

လှိုင်းဘွဲ့မြို့နယ်က လယ်ပယ်ဒဲ၊ ထိုးချီလယ်၊ သေဘောကလိုး၊ သေခေါ၊ ၀ါဘွေသူး အစရှိတဲ့ ကရင်ကျေးရွာက ရွာသားတွေဟာ ထီးသေဃီးဆိုတဲ့ရွာကို ထွက်ပြေးလာပြီး ယာယီစခန်း ဖွင့်လှစ်နေထိုင်နေကြပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး ဒီကနေ့အထိ ထွက်ပြေးခိုလှုံလာကြတာဖြစ်ပြီး အခုဆိုရင် အဆိုပါ ကျေးရွာ ၄ ရွာက ရွာသူရွာသား ၅၀၀ ခန့် ထွက်ပြေးလာတယ်လို့ ထီးသေဃီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောပါတယ်။

“အခုထွက်ပြေးလာသူ အောင်လုံးက အိမ်ထောင်စု ၉၀၊ လူဦးရေက ၄၉၈ ယောက် ရှိပါတယ်။ သူတို့ ဘာကြောင့် ဒီ ထီးသေဃီးရွာကို ထွက်ပြေးလာကြလဲဆိုတော့ သူတို့ရွာမှာ သူတို့ မနေရဲတော့ဘူး။ သူ့ကို ဒီကေဘီအေက အနိုင်ကျင့်လို့။ သူတို့ယောကျာ်းတွေကို ခိုင်းတယ်လေ။ ကျည်ဆန်တွေ ဘာတွေ ထမ်းခိုင်းတယ်။ ပေါ်တာသဘောမျိုးပေါ့။ ကျည်ဆန်တွေ ထမ်းခိုင်းတယ်ဆိုတော့ ရွာသားတွေက မထမ်းချင်ဘူး။ နောက်ပြီး သူတို့မထမ်းဘူးဆိုရင် သတ်မယ်လို့ ခြိမ်းခြောက်တယ်။ ဒါကြောင့် ကြောက်ပြီး ထွက်ပြေးလာကြတာ။ သူတို့ ဗိုလ်ဘိအဖွဲ့က အဲလိုခိုင်းလို့။”

ဒါ့အပြင် ရွာအနီးနားတ၀ိုက်တွေမှာ ချထားတဲ့ မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံတွေအနေနဲ့ လုပ်ကိုင်စားသောက်လို့ မလွယ်ကူတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတာလို့လည်း ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ကလည်း အဆိုပါ ကျေးရွာတွေက အိမ်ထောင်စု ၂၄ စု၊ လူဦးရေ ၂၀၀ နီးပါးဟာ မြိုင်ကြီးငူဒေသဘက်ကို ဆင်းသွားပြီး စစ်ပြေးရှောင်ခဲ့တယ်လို့လည်း ဦးမြင့်လွင်က ပြောပါတယ်။

မြိုင်ကြီးငူဆရာတော်ရဲ့ အစီအစဉ်နဲ့ သူတို့ကို လှေတွေနဲ့ လာကြိုကြတာဖြစ်ပြီး ကျန်သူတွေကတော့ ထီးသေဃီးဆိုတဲ့ ရွာမှာပဲ ထွက်ပြေးခိုလှုံကြတယ်လို့ ပြောပါတယ်။

မြိုင်ကြီးငူဒေသမှာတော့ ထွက်ပြေးခိုလှုံလာသူ ရွာပေါင်း ၂၀ ကျော်က လူဦးရေ ၅၀၀၀ ကျော်ရှိနေပြီလို့လည်း လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ပြည်တွင်းဒုက္ခသည်အဖြစ် ထီးသေဃီးမှာ ထွက်ပြေးတိမ်းရှောင်နေရသူတွေကိုတော့ ကရင်လူမှုကူညီရေးအဖွဲ့ Karen Humanitarian Services က ဦးဆောင်ပြီး ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်နေပါတယ်။

ထီးသေဃီးအထိ သွားရောက်အကူအညီပေးနေတဲ့ အဖွဲ့ခေါင်းဆောင် စောယွာခွီးဒူးကတော့ “ထွက်ပြေးလာသူတွေက အစောပိုင်းကတော့ တိုက်ပွဲကြောင့် ထွက်ပြေးလာကြတယ်။ ဒါပေမယ့် အခုနောက်ပိုင်းကျတော့ မြေမြှုပ်မိုင်းကြောင့်နဲ့ တခြားအခြေအနေအမျိုးမျိုးပေါ့။ လူထုတွေကို ဖိအားပေးတာတို့ ဘာတို့ပေါ့။ နောက် အခု အဲဒီရွာသားတွေကလည်း ဒုက္ခသည်စာရင်းမှာပဲ ထည့်တယ်။ ဘာလို့လဲဆိုတော့ သူတို့  ရှာဖွေလုပ်ကိုင်စားသောက်ဖို့ မလွယ်တော့ဘူးလေ။ သူတို့ရွာမှာ သူတို့နေတယ် ဆိုပေမယ့် ရွာပြင်ထွက် လုပ်ကိုင်စားသောက်ရတာ မလွယ်တော့ဘူးလေ” လို့ ပြောပါတယ်။

Karen Humanitarian Services အနေနဲ့ကတော့ ကျေးရွာသူရွာသားတွေရော ထွက်ပြေးတိမ်းရှောင်သူတွေကိုပါ စားနပ်ရိက္ခာတချို့နဲ့ အ၀တ်အစားတွေ ကူညီပံ့ပိုးမှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013