
အခု ပညာသင်နှစ် ၂၀၁၆ - ၁၇ မှာ အထက်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ပေးခဲ့တဲ့ ကျောင်းပေါင်း ၃၁၉ ကျောင်းအတွက် ဆရာ၊ ဆရာမအသစ် ၂၂၃၃ ဦးကို ကန်ထရိုက်စနစ်နဲ့ လာမယ့်အောက်တိုဘာလအတွင်း ခန့်အပ်ဖို့ ဆောင်ရွက်နေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆိုပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမရပူရမဲဆန္ဒနယ်က ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် မေးမြန်းတဲ့ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ ခန့်ထားနိုင်ရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်နေကြောင်း သိရှိလိုခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြေကြားရာမှာ ဒေါက်တာမျိုးသိမ်းကြီးက ထည့်သွင်းဖြေကြားခဲ့တာပါ။
“တနိုင်ငံလုံးမှာရှိတဲ့ ၂၀၁၆-၁၇ ပညာသင်နှစ်မှာ အထက်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ပေးတဲ့ ၃၁၉ ကျောင်းအတွက် အောက်တိုဘာမှာ တကျောင်းကို ၇ ဦးနှုန်းနဲ့ ခန့်ထားပေးဖို့အတွက် လိုအပ်တဲ့ဆရာ၊ ဆရာမ ၂၂၃၃ ဦးကိုတော့ ဘွဲ့ရထားသူတွေကို ကန်ထရိုက်စနစ်နဲ့ အထက်တန်းပြဆရာ၊ ဆရာမအဖြစ်နဲ့ ဖြည့်ဆည်းပေးဖို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ကျောင်းတွေမှာ လိုအပ်နေတဲ့ သိပ္ပံခန်းတွေအတွက် ဝန်ထမ်းတွေ၊ အခြား ကာယနဲ့ ပတ်သက်တဲ့ ဆရာ၊ ဆရာမတွေ၊ ကွန်ပျူတာနဲ့ပတ်သက်တဲ့ ဆရာ၊ ဆရာမတွေ ဖြည့်ဆည်းခန့်ထားပေးရေးကိုလည်း နောက်လာမယ့် ပညာသင်နှစ်မှာ ဆောင်ရွက်ပေးဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။










