DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင်း စစ်ပွဲများ အမြန်ဆုံးရပ်တန့်ပေးရန် လူထုထောင်ချီ တောင်းဆို
DVB
·
October 3, 2016
ကချင်ပြည်နယ်တွင်း စစ်ပွဲများ အမြန်ဆုံးရပ်တန့်ပေးရန် လူထုထောင်ချီ တောင်းဆို
Donate to DVB

ကချင်ပြည်နယ်တွင်းဖြစ်ပွားနေတဲ့  စစ်ပွဲတွေ ရပ်တန့်ပေးရေးနဲ့ မြန်မာအစိုးရတပ်အနေနဲ့ ထိုးစစ်တွေ ရပ်တန့်ပေးဖို့ ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေက မြစ်ကြီးနားမြို့ မနောကွင်းမှာ ဆုတောင်းပွဲ ပြုလုပ်နေပါတယ်။

ဒီကနေ့မနက် ၈ နာရီကစပြီး ကချင်ပြည်နယ်က ပြည်သူတွေ စုဝေးကာ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာရှိတဲ့ မနောကွင်းမှာ ဆုတောင်းပွဲပြုလုပ်နေတာ ဖြစ်ပါတယ်။

ဆုတောင်းပွဲပြုလုပ်တာနဲ့ပတ်သက်ပြီး ဦးဆောင်သူတဦးဖြစ်တဲ့ ဦးတန်ဂွန်းက “အဓိကက မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ကို ရပ်ပေးဖို့ တောင်းဆိုခြင်းကို လုပ်ခြင်းဖြစ်တယ်။ အခုထိုးစစ်က ရိုးရိုးထိုးစစ်မဟုတ်ဘဲနဲ့ အင်အားအလုံးအရင်းနဲ့ပေါ့လေ။ တပ်မတော်ရဲ့ လက်နက်အင်အားတွေ၊ လေကြောင်းကနေ၊ ခြေလျင်ကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်တွေ လုပ်လာတယ်ဆိုတော့ တဘက်မှာ ၂၁ ပင်လုံ နိုင်ငံရေးဆွေးနွေးပွဲတွေလည်း လုပ်နေတဲ့အချိန်မှာ ဒီလိုမျိုးထိုးစစ်တွေ လုပ်နေတယ်ဆိုတာ ကျနော်တို့ ပြည်သူလုထုအနေနဲ့က ဒါ စိုးရိမ်မှုတွေ ရှိပါတယ်။ ၂၁ ပင်လုံ ရှေ့ခရီးကို အဟန့်အတားဖြစ်နိုင်တဲ့ အခြေအနေကို ရောက်လာနိုင်တဲ့ စစ်ပွဲတွေ၊ ထိုးစစ်တွေ ဖြစ်လာတော့ ပြည်သူလူထုအနေနဲ့ ဒါ မဖြစ်စေချင်ဘူးပေါ့လေ။ အဲဒါကြောင့် ဒါ ပထမ ခြေလှမ်းအနေနဲ့ ဆုတောင်းပွဲတွေ၊ လူထုတွေ တွေ့ဆုံကြတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီလိုဆုတောင်းပွဲမလုပ်ခင် ပြည်သူတွေအနေနဲ့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ဖို့ တောင်းဆိုခဲ့ပေမယ့် ခွင့်ပြုမိန့်မရတဲ့အတွက် စီတန်းလမ်းလျှောက်တာကိုမလုပ်ဘဲ အခုလို စုဝေးပြီး ဆုတောင်းပွဲလုပ်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၁ ရာစု ပင်လုံညီလာခံပြီး နောက်ပိုင်း ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်က ထိုးစစ်တွေ ပိုမိုလုပ်ဆောင်လာခဲ့သလို ကချင်လွတ်လပ်ရေးတပ်မတော်ဌာနချုပ်ရှိရာ လိုင်ဇာအနီးမှာလည်း အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့မှာတော့ ရှမ်းပြည်နယ် မုန်းကိုးမြို့နယ်၊ ပူဝန်ကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ၄ နှစ်နဲ့ ၆ နှစ်အရွယ် ကလေး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013