
နိုင်ငံအနှံ့က လေကြောင်းတိုက်ခိုက်မှုတွေအတွက် အာဏာသိမ်းစစ်တပ်က အသုံးပြုတဲ့ တံတားဦးလေဆိပ်ကို စက်တင်ဘာ ၁၀ ရက် နေ့လယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက FPV ဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒရုန်းခြောက်စီးနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်တပ်တိုက်လေယာဉ် လေးစီးကို ထိမှန်ကာ နှစ်စီး လုံးဝပျက်စီးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒါပေမဲ့ ထွက်ပေါ်လာတဲ့ ဒရုန်းတိုက်ခိုက်မှုကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုမှာတော့ စစ်တပ်ရဲ့ တိုက်လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်နိုင်လိုက်တာ တွေ့ရပါတယ်။ အဲဒီတိုက်လေယာဉ်ရဲ့ ပတ်ဝန်းကျင်မှာလည်း တခြားတိုက်လေယာဉ်တွေကိုပါ မြင်ရပါတယ်။
စစ်ရေးနဲ့ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်တဲ့ Tactical Raptor 2.0 စာမျက်နှာကတော့ တိုက်ခိုက်ခံရတဲ့ လေယာဉ်ဟာ Yak-130 အပေါ့စား တိုက်လေယာဉ် ဖြစ်ဖို့များတယ်လို့ သုံးသပ်ပါတယ်။
Yak-130 တိုက်လေယာဉ်ဟာ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ တိုက်လေယာဉ်ဖြစ်ပြီး လေ့ကျင့်ရေးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုပါတယ်။ အဲဒီလေယာဉ်ဟာ အခြေခံအားဖြင့် အမေရိကန်ဒေါ်လာ ၁၅ သန်းလောက် တန်ဖိုးရှိပါတယ်။
ဒီတိုက်ခိုက်မှုနောက်ပိုင်း တံတားဦးနယ်မြေမှာ စစ်တပ်က စစ်ကြောင်းထိုးနေသလို တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
စစ်အာဏာရှင်တပ်ဘက်ကတော့ တံတားဦးလေဆိပ်ကို ဒရုန်းနဲ့တိုက်ခိုက်ဖို့ ကြိုးစားမှုတွေ ရှိခဲ့ပြီး သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးအဖွဲ့က တားဆီးနိုင်ခဲ့တဲ့အတွက် ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။











