DVB Logo
Home
မြန်မာသတင်း
အလုပ်သမားဥပဒေပြင်ဆင်ရေး သုံးပွင့်ဆိုင် ဆွေးနွေး
DVB
·
September 30, 2016
အလုပ်သမားဥပဒေပြင်ဆင်ရေး သုံးပွင့်ဆိုင် ဆွေးနွေး
Donate to DVB

လက်ရှိအစိုးရလက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် အလုပ်သမားဥပဒေတချို့ကို ပြန်လည်ပြင်ဆင်ဖို့ ရန်ကုန်မြို့မှာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးနေကြပါတယ်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန လွှတ်တော်ကိုယ်စားလှယ်တွေ၊ အိုင်အန်ဂျီအိုနဲ့ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့တွေဟာ ဆီဒိုးနားဟိုတယ်မှာ စက်တင်ဘာ ၂၉ ရက်နေ့က လက်ရှိအစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြတာပါ။

မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ အလုပ်သမားဥပဒေ ၁၈ ခုရှိပြီး အားလုံးကို ပြင်ဆင်သွားဖို့ သဘောတူညီထားတယ်လို့ အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးက ပြောပါတယ်။

“အလုပ်သမားဥပဒေက လက်ရှိ ကျနော်တို့ Handle လုပ်နေတဲ့ အားလုံး အသုံးဝင်နေတာပေါ့နော်၊ အသုံးချနေတဲ့ အလုပ်သမားဥပဒေ ၁၈ ခုရှိတယ်။ အဲဒီ ၁၈ ခုလုံးကို ပြင်ရမယ်လို့ မူအားဖြင့်တော့ ကျနော်တို့ သဘောတူညီထားပြီးပါပြီ။ ကော်မတီထဲမှာလည်း ဆွေးနွေးဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်ဥပဒေကို အရင်စလုပ်မလဲဆိုတာ ဦးစားပေးပေါ့။ ဦးစားပေး စဉ်းစားထားတဲ့ ဥပဒေတွေတော့ ရှိပါတယ်။”

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အနေနဲ့ကတော့ အလုပ်သမား ဥပဒေ ၃ ခုကို ဦးစားပေးအနေနဲ့ ပြင်ဆင်ဖို့ စီစဉ်ထားပါတယ်။

“ကျနော်တို့ ပြင်ဆင်ဖို့ကို ရွေးထားတာ ၃ ခုရှိပါတယ်။ အလုပ်သမားအဖွဲ့ ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ ဥပဒေ၊ နောက်တခါ အငြင်းပွားမှု ဖြေရှင်းရေးနဲ့ ပတ်သက်တဲ့ဥပဒေ၊ နောက်တခါကျရင် ကျွမ်းကျင်မှုဆိုင်ရာ ပတ်သက်တဲ့ဥပဒေ ဒီ ၃ ခုကို ဘယ်လိုပြင်မလဲဆိုတာကို ဦးစားပေးထားတယ်။ အဲဒီထဲက အချက်တွေကို ကျနော်တို့အဖွဲ့ချုပ်အနေနဲ့ ထုတ်ထားတာ ၃၁ ချက်ရှိပါတယ်။ အဲဒီ ၃၁ ချက်ကို ကျနော်တို့က ဒါကို တခြား သမဂ္ဂနဲ့ ဆွေးနွေးတဲ့အချိန်မှာ အားလုံးက ၂၆ ချက် ပြန်ထွက်လာတယ်။ အဲဒီ ၂၆ ချက်က ကျနော်ပြောသလိုပေါ့၊ ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ ဥပဒေက ၈ ချက်ရှိတယ်။ ကျနော်တို့ အငြင်းပွားမှုနဲ့ ဖြေရှင်းရေးနဲ့ ပတ်သက်တာ ၁၅ ချက်ရှိတယ်။ အဲဒီလို အချက်တွေကို ကျနော်တို့ တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောပါတယ်။

ဒါ့အပြင် အနည်းဆုံး အခကြေးငွေဥပဒေကိုလည်း ပြင်ဆင်ဖို့အတွက် တင်ပြသွားမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အလုပ်သမားရေးရာဌာနမှ ဒေါ်သက်သက်အောင်က ပြောပါတယ်။

“ကျမတို့ အနည်းဆုံးအခကြေးငွေနဲ့ ပတ်သက်လာရင် ၂၀၁၅ စက်တင်ဘာ ၁ ရက်နေ့မှာ ထွက်လာတာပေါ့နော်။ ထွက်လာတဲ့အပေါ်မှာ ကျမတို့ကြည့်ရတာ ၃၆၀၀ မပေးတဲ့ စက်ရုံတွေလည်း တွေ့ရတာရှိသလို တဆက်တည်းမှာ ၃၆၀၀ ပေးပြီးတော့ မူလ အခွင့်အရေးတွေ လျှော့ချလိုက်တဲ့ ပြဿနာမျိုးတွေကို ကျမတို့တွေ့ရတယ်။ အဲတော့ ဥပဒေထွက်လာတဲ့အခါမှာ ဥပဒေက တိတိကျကျ ပါလာရမယ့်အရာတွေ မပါလာတဲ့အခါကျတော့ အလုပ်သမားတွေက လက်ရှိမှာတော့ ၃၆၀၀ လို့သာ သတ်မှတ်လိုက်ပေမယ့် သူတို့ခံစားခွင့်ကတော့ တကယ်ကို မရခဲ့ဘူးဆိုတာကို တွေ့ရပါတယ်။”

အလုပ်သမားဥပဒေ ပြင်ဆင်ရေးဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၂ ရက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013