
ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ပြန်ကြားရေးဌာနမှ ထိပ်တန်း အဆင့်မြင့်ခေါင်းဆောင် တဦးဖြစ်တဲ့ ခိုင်မျိုးထွန်းကို ရခိုင်အမျိုးသား စွမ်းဆောင်ရည်ဆု (အမှန်တရားဘက်တော်သားဆု) ချီးမြှင့်လိုက်ပါတယ်။
အဲဒီဆုကို အမေရိကန်ရောက် ရခိုင်မိသားစုက ချီးမြှင့်လိုက်တာဖြစ်ပြီး၊ အမှန်တရားဖက်က ရပ်တည်ခဲ့သူတယောက် ကိုယ့်အကျိုးအတွက် မငဲ့ကွက်ဘဲလုပ်ဆောင်ခဲ့လို့ အခုလို ဆုချီးမြှင့်ရတာလို့ ဆုရွေးချယ်ရေး ကော်မတီဝင် ကိုသာအေး က ပြောပါတယ်။
“သူက ကိုယ့်ကျိုးအတွက်မကြည့်ဘဲ လက်ရှိဖြစ်ပျက်နေတာတွေကို ပကတိအတိုင်း ချပြတယ်။ ဖော်ထုတ် လိုက်တယ်။ အခုလိုတပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်နေတာကို ရဲရဲကြီးဖော်ထုတ်ခဲ့တယ်။ ဒါကြောင့် အများသဘောတူပြီး ဒီဆုကို သူ့ကိုရွေးချယ်ပြီး ဆုချီးမြှင့် လိုက်တာပါ။”
ဒါ့အပြင် အခုလိုဆုတွေအပြင် အခြားရခိုင်ပြည်နယ်အတွင်းက လူ့အခွင့် အရေးစာပေ၊ ဂီတီနဲ့ သတင်းလွှတ် လပ်ခွင့်စတဲ့တွေကို စောင့်ကြည့်ပြီး ဆုချီမြှင့်သွားမယ်လို့ ကိုသာအေး က ပြောပါတယ်။
ဝံလက်ဖောင်ဒေးရှင်းမှ စာရေးဆရာဦးဝေဟင်အောင်က “အစိုးရတပ်မတော်က ပြည်သူ တွေအပေါ် လူ့အခွင့်အရေးအရ ချိုးဖောက်ခဲ့တာတွေရှိတယ်။ ပေါ်တာဖမ်းခဲ့တာတွေ ရှိတယ်။ အဲဒီအပေါ်မှာ ပြည်သူတွေမမြင်ခဲ့တာတွေကို လူ့အခွင့်သော်လည်းကောင်း၊ လူ့အခွင့်ရေး ချိုးဖောက်တာတွေကို မြင်ခဲ့လို့အေအယ်လ်ပီ ကိုယ်စားပြုပြီး တော့ကြေညာချက်တစောင် ထုတ်ခဲ့တယ်။ (အေအယ်လ်ပီ) ကိုယ်စားပြုထုတ်ခဲ့သော်လည်း တကယ့် တကယ်ဖြစ်လာတဲ့အခါ (အေအယ်လ်ပီ) တာဝန်မယူတဲ့အခါမှာ အဲဒီတာဝန်တွေကို သူကတာဝန်ယူသွားတဲ့ သဘောဖြစ်ပါတယ်။ တာဝန်ယူမှုတာဝန်ခံမှုအပေါ် အခုချီးမြှင့်ခံရတယ်လို့ ယူဆပါတယ်။ ဒါကြောင့်သူတို့က အခုလိုဆုချီးမြှင့်ဖို့ ကျနော်တို့ ၀ံလက်ဖောင်ဒေရှင်းကိုလွဲပေးတာပါ။”
ရခိုင်အမျိုးသား စွမ်းဆောင်ရည်ဆု (အမှန်တရားဘက်တော်သားဆု) ကို လာမယ့် အောက်တိုဘာ ၂ ရက်နေ့ နေ့လယ် ၁ နာရီအချိန် စစ်တွေမြို့၊ အာရီယာန်ခန်းမမှာ ဝံလက်ဖောင်ဒေရှင်းမှတဆင့် ဆုချီးမြှင့်မှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) အကြား တိုက်ပွဲတွေ ဖြစ်ပွားရာမှာ အစိုးရတပ်မတော်ဘက်က ပြည်သူတွေအပေါ် ပေါ်တာဆွဲတာနဲ့ လမ်းပြအဖြစ် ခေါ်ဆောင်တာတွေ ရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ခိုင်မျိုးထွန်းကို ဒေသကွပ်ကဲမှုစစ်ဌာနချူပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက မေလ ၆ ရက်နေ့မှာ တရားလို ပြုလုပ်ပြီးတော့ ပုဒ်မ ၅၀၅ (ခ) ၊ ၅၀၅ (ဂ) နှင့် စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားတာ ဖြစ်ပါတယ်။











