
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှာ စက်တင်ဘာလ ၂၉ ရက်နေ့က ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပါတယ်။
"ပျက်စီးတာတို့ အသေအပျောက်တို့မရှိပါဘူး၊ မိုးကြီးလို့ ကန်ပေါက်ပြီးရေကြီးတာပါ။ လမ်းတွေတော့ရေလွှမ်းခဲ့တာပေါ့"လို့ အောင်မင်္ဂလာရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးသက်ဦးက ပြောပါတယ်။
ရေကြီးရေလျှံမှုက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ခံစပ်ကုန်း ရေကန် တာကျိုးပေါက်ပြီး အနီးကရပ်ကွက်အချို့နဲ့ အဝေးပြေးလမ်းမကြီး ရေလွမ်းခဲ့တာပါ။
ပျက်စီးဆုံးရှုံးမှု တွေမဖြစ်ပေါ်ခဲ့ပေမယ့် ရပ်ကွက်အတွင်းလမ်း၊ စာသင်ကျောင်း၊ နေအိမ်၊ ဈေးဆိုင်တွေထဲ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့ပါတယ်။
"မနေ့ ညနေ ၃ နာရီလောက်ကရေတွေဝင်လာတာ။ ဘယ်ကနေဖြစ်တာလဲတော့ မသိခဲ့ဘူး။ မနက်မှ ကန်ကတာပေါက်တယ်လို့ သိရတာ ဘာမှတော့ မဖြစ်ကြပါဘူး"လို့ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ မအေးအေးဝင်းက ပြောပါတယ်။
ရေကြီးမှုကို အောင်မင်္ဂလာရပ်ကွက်၊ ရွှေစည်းခုံရပ်ကွက်၊ တိုက်ကြီးစု ရပ်ကွက်နဲ့ အနီးက ရပ်ကွက်အချို့ ကြုံတွေ့ခဲ့ရပါတယ်။
သတင်း - အောင်ကိုကိုလတ်











