DVB Logo
Home
Lead Story
လူ့အခွင့်အရေးသိတဲ့သူတယောက်က ဒီကိစ္စကို ဒီလောက်နဲ့ကျေအေးဖို့ မဖြစ်သင့်ဘူး - ဦးအောင်မျိုးမင်း
DVB
·
September 30, 2016
လူ့အခွင့်အရေးသိတဲ့သူတယောက်က ဒီကိစ္စကို ဒီလောက်နဲ့ကျေအေးဖို့ မဖြစ်သင့်ဘူး - ဦးအောင်မျိုးမင်း
Donate to DVB

အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူ အမျိုးသမီးငယ်လေးနှစ်ယောက် ကျွန်ပြုခံရတဲ့ပုံစံမျိုး ဖြစ်နေတာကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ၀င်ရောက်ဖြေရှင်းပေးလိုက်တဲ့အပေါ် မြန်မာပြည်တပြည်လုံးနီးပါးကနေပြီး ဒီကလေးငယ်နှစ်ယောက်အပေါ် ကရုဏာသက်တာရော၊ လူ့အခွင့်အရေးကော်မရှင်ရဲ့ ကိုင်တွယ်မှုအပေါ်မှာပါ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကိုယ်တိုင်က ဒီကိစ္စကို ဆက်လက်စုံစမ်းဖို့ ဖြစ်လာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကိစ္စကို တစိုက်မတ်မတ်လုပ်နေတဲ့ အရင် HREIB၊ အခု Equality Myanmar က ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ကိုအောင်မျိုးမင်းရေ၊ အခု လူတွေအားလုံး သိကြတဲ့အတိုင်း ဖြစ်တာတော့ အိမ်ဖော် ကလေးငယ်နှစ်ယောက်။ အသက်လည်း မပြည့်သေးဘူး။ မိန်းကလေး။ တကယ်တမ်းလည်း ကရုဏာသက်စရာ။ နှစ်ပေါင်းများစွာ ၅ နှစ်လောက် အနိုင်ကျင့်ခံရတယ်။ အမျိုးမျိုး နှိပ်စက်ခံရတယ်။ လူမသိသူမသိ ဖြစ်တယ်။ အဲဒါကို တကယ်တမ်း သတင်းထောက်တယောက်က သွားဖော်ထုတ်တယ်။ ဖော်ထုတ်ပြီးတော့ ရဲစခန်းတိုင်တယ်။ ရဲစခန်းက မလုပ်ပေးတဲ့အတွက် လူ့အခွင့်အရေးကော်မရှင်ဆီ ရောက်တယ်။ ကော်မရှင်ကလည်း သူ့နည်းသူ့ဟန်နဲ့ ဒီဟာကို ကျေအေးပေးလိုက်တယ်ပေါ့။ အဲဒီအပေါ်မှာ တပြည်လုံးအတိုင်းအတာနဲ့ ရိုက်ခတ်မှုတွေရှိတယ်။ တကယ်တမ်း ဒီဖြစ်ရပ်ဟာ လူ့အခွင့်အရေးကော်မရှင်က လူတွေ၊ ကိုအောင်မျိုးမင်း ပြောသလို သူတို့ရဲ့ ဗဟုသုတ နည်းတာလား၊ ဒါမှမဟုတ် ဘယ်လိုကိုင်တွယ်တာလဲ၊ မြန်မာပြည်ရဲ့ စနစ်သစ်မှာ လူ့အခွင့်အရေးကို ကျနော်တို့ ဘယ်လိုကာကွယ်မလဲ၊ မြှင့်တင်မလဲ။ ဒီအမှုနဲ့ ပတ်သက်တဲ့ ပထမဆုံး ပြောပြပေးပါဦး။ ဘာဖြစ်သွားတာလဲ၊ ဘယ်နေရာ မှားသွားတာလဲပေါ့။

ဖြေ - ဟုတ်ကဲ့၊ ဖြစ်စဉ်ကတော့ အားလုံးသိပြီးသားပါပဲ။ Social Network တွေမှာရော၊ သတင်းစာတွေမှာရော အကုန်လုံး ဒါက ပလူကို ပျံနေတာပဲဗျာ။ အဲဒီတော့ ကျနော့်အနေနဲ့ကတော့ လူ့အခွင့်အရေးကော်မရှင်က ဘယ်လိုမျိုး ၀င်ရောက်ဖြေရှင်းပေးလဲဆိုတာ အဓိကထားပြီး ပြောပါမယ်။ ပထမတခုကတော့ လူ့အခွင့်အရေးကော်မရှင်မှာ သူတို့ကို တိုင်ကြားလာတယ်ဆိုရင် စုံစမ်းစစ်ဆေးပိုင်ခွင့် ရှိပါတယ်။ အဲဒီစုံစမ်းစစ်ဆေးပိုင်ခွင့်ကို ယူပြီးတော့ သူတို့ကနေ ဖြစ်တဲ့သူတွေ၊ တိုင်ကြားတဲ့သူတွေ၊ မျက်မြင်သက်သေတွေကို သူ့ရုံးမှာ ခေါ်ပြီးတော့ ကြားနာမှု လုပ်တယ်ပေါ့။ ဒါ သူ့ရဲ့လုပ်ပိုင်ခွင့်ပါ။ ပထမဦးဆုံး ကျနော့်အနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို သိတာကိုတော့ ကျနော် ပထမဆုံး ချီးကျူးချင်ပါတယ်။ ဒါပေမယ့် ပြဿနာက ဘာဖြစ်လဲဆိုတော့ ဒီကိစ္စကြီးကို ကြားနာတဲ့အချိန်မှာ ဖြစ်နေတဲ့ကိစ္စကြီးက အရမ်းအကြီးကြီးပါ။ တကယ့်ကို ကြီးလေးသော ရာဇ၀တ်မှုဖြစ်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးဥပဒေကို ကြည့်မလား။ လူကုန်ကူးမှုနဲ့ ကြည့်မလား။ ဒါမှမဟုတ် နိုင်ငံက လက်မှတ်ထိုးထားတဲ့ CRC စာချုပ်အရ ကြည့်မလား။ တကယ့် အခွင့်အရေးကို ဆိုးဆိုးဝါးဝါး ချိုးဖောက်မှုဖြစ်တယ်။ အဲလိုမျိုးဖြစ်နေတဲ့ ကိစ္စကို လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဒါကို ဆိုးဝါးတဲ့ကိစ္စလို့ မသတ်မှတ်ဘဲနဲ့ ငွေကြေးပေးပြီး ကျေအေးတဲ့နည်းလမ်းကို သုံးလိုက်တာ။ အဲဒီမှာ လူတွေမှာ တကယ့်ကို စိတ်မကောင်းစရာ ဖြစ်တော့တာပဲ။ ဘာကြောင့်လဲဆိုတော့ ကျေအေးလို့ရပါတယ်။ ဒါပေမယ့် ဒီလိုမျိုးအမှုက ကျေအေးလို့ရနိုင်သော အမှုမျိုး မဟုတ်ဘူး။ ဒါ လင်မယားရန်ဖြစ်တဲ့ကိစ္စ မဟုတ်ဘူး။ တယောက်နဲ့တယောက် ဆဲဆိုတဲ့ကိစ္စ မဟုတ်ဘူး။ တကယ့်ကို ကြီးမားတဲ့ ရာဇ၀တ်မှုကို ကျူးလွန်ပြီးတော့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ သက်ဆိုင်နေတဲ့ ကိစ္စမျိုးကို မင်းတို့အချင်းချင်း ကျေအေးလိုက်ဆိုတော့ ဒါက သူတို့ရဲ့ ဆင်ခြင်တုံတရားကို ဖော်ပြနေပါတယ်။ အမှန်ဆိုရင် လူ့အခွင့်အရေးသိတဲ့သူတယောက်က ဒီကိစ္စကို ဒီလောက်နဲ့ ကျေအေးမယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒါက အရမ်းကြီးမားတဲ့အတွက် ဥပဒေကြောင်းအရ သွားသင့်တယ်လို့ အကြံပေးမယ့်အစား လွယ်လွယ်နဲ့ ကျေအေးလိုက်တဲ့ဟာက သူ့ရဲ့ ရင့်ကျက်မှုရယ်၊ အသိဉာဏ်ရယ်၊ နောက်တခါ ပြဿနာကို တာဝန်ယူတဲ့စိတ်ကို ကျနော်တို့ ထောက်ပြစရာ ဖြစ်သွားတာပါ။

မေး - တကယ်တမ်း လူ့အခွင့်အရေးကို အကာအကွယ်ပေးမယ့် ကော်မရှင်မှာ လုပ်နေတဲ့ လူတွေရဲ့ လူ့အခွင့်အရေးအပေါ် နားလည်မှုပေါ့နော်။ သူတို့ရဲ့ ဗဟုသုတ၊ စောစောက ကိုအောင်မျိုးမင်း ပြောသလို အဲလိုပဲ ဒီအမှုရဲ့ အတိမ်အနက်၊ ဒါကိုပါ မသိဘူးဆိုရင်တော့ ကျနော်တို့ထင်ပါတယ် တကယ်တမ်း နင်လား ငါလား လူ့အခွင့်အရေးအမှုတွေ ဖြစ်လာမယ်ဆိုရင် ကျနော်တို့ မြန်မာပြည် လူ့အခွင့်အရေးကော်မရှင်ကို ဘယ်လိုမျိုးလုပ်သင့်လဲ၊ နောက်တခုကတော့ တကယ်တမ်း ဘယ်လိုအမှုတွေကိုတော့ ကျေအေးပေးမယ်၊ ဘယ်လိုအမှုတွေကတော့ ဆက်ပြီး ထပ်ပြီး အက်ရှင်ယူသင့်တယ်။ အဲဒါမျိုးကို ဘယ်လိုလူတွေက တကယ်တမ်း ကိုင်တွယ်ပြီးတော့ လုပ်သင့်လဲဆိုတာ နည်းနည်းလေး ပြောပါဦးခင်ဗျ။

ဖြေ - ဟုတ်ကဲ့။ ဒီလူ့အခွင့်အရေးကော်မရှင်ဆိုတာက လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာ ဥပဒေအရ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ အဲဒီကော်မရှင်ရဲ့ ဥပဒေထဲမှာ ပါဝင်မယ့်သူတွေက လူ့အခွင့်အရေးတွေ၊ နိုင်ငံတကာရဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေအပြင် တိုင်းပြည်မှာရှိတဲ့ ဥပဒေကို သဘောပေါက် နားလည်တဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ ရှိရမယ်လို့ ဖော်ပြထားတယ်။ ဒါတွေက ပထမဦးဆုံး အသိဉာဏ်စိတ်ဓာတ်ပါ။ ဒါတွေကို ကျနော်တို့ သိထားမှ ဒီကိစ္စက သာမန် ဖြေရှင်းလို့ရတဲ့ကိစ္စလား၊ ဆိုးဝါးတာအတွက်ကြောင့်မို့လို့ ကျနော်တို့ ဘာလုပ်သင့်လဲဆိုတာ ဖော်ပြတဲ့အရာလားဆိုတာ သူတို့ ဆင်ခြင်တုံတရားနဲ့ အသိပညာပိုင်းဆိုင်ရာရှိဖို့ လိုအပ်ပါတယ်။ ဒါက ဖော်ပြထားပြီးသား။ နောက်တခုက တချို့က သိရုံနဲ့မရဘူးဗျ။ သိတဲ့အခါမှာ တချို့က အသိရားပဲရှိတယ်။ နှလုံးသားမပါဘူး။ လူ့အခွင့်အရေးကော်မရှင်မှာ ပါဝင်မယ့်သူတွေက လူ့အခွင့်အရေးကိစ္စ ဖြစ်လာရင် ဘယ်လောက်ထိပဲ ပင်ပန်းပင်ပန်း၊ ဘယ်လောက်ထိပဲ အလုပ်ရှုပ်ရှုပ် အမှန်တရားအတွက် လုပ်ချင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေရှိတဲ့ ပိုင်ရှင်တွေ ဖြစ်ရမယ်။ တချို့က သိတယ်။ ဒါပေမယ့် ကိုယ်ပင်ပန်းမှာစိုးလို့ မလုပ်ချင်တာ။ ဒါနဲ့လုပ်လိုက်ရင် နောက်ထပ် ထပ်ပြီးတော့ ရေရှည်သွားရမှာဆိုတဲ့ စိတ်မျိုးရှိရင်တော့ လူ့အခွင့်အရေးကော်မရှင်နဲ့ မကိုက်ညီဘူး။ လူ့အခွင့်အရေးကော်မရှင်က နစ်နာတဲ့သူတွေကို ရှာဖွေတဲ့ဟာ၊ သူတို့ရဲ့တိုင်ကြားမှုတွေကို စိတ်ရှည်လက်ရှည်နဲ့ စုံစမ်းတဲ့အရာ၊ အမှုမှန်အတိုင်း ထိုက်သင့်တဲ့အတိုင်း ပေါ်ပေါက်လာအောင် လုပ်ချင်တဲ့ နှလုံးသားပိုင်ရှင်လည်း ဖြစ်ဖို့လိုအပ်ပါတယ်။ အဲဒီတော့ ဒါမျိုး ရွေးချယ်တဲ့အချိန်မှာ ခုနက ဥပဒေမှာ ပါထားသလို ကျွမ်းကျင်တဲ့သူ၊ ဗဟုသုတရှိတဲ့သူအပြင် လူ့အခွင့်အရေးကို စွမ်းစွမ်းတမံ လုပ်ဆောင်လိုသောသူများ ဖြစ်သင့်တယ်ဆိုတဲ့ ဥပဒေကို ပထမဆုံး ကျနော်တို့ ထည့်သွင်းဖို့လိုအပ်ပါတယ်။

မေး - ဟုတ်ကဲ့ခင်ဗျ။ အခုတော့ ကျနော်တို့ လွှတ်တော်မှာလည်း လူ့အခွင့်အရေးကို မကာကွယ်တဲ့ လူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့ တင်လာပြီ။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကလည်း ဒီဟာကို စုံစမ်းပေးဖို့ လုပ်နေတယ်။ ဟိုးအရင်တုန်းက လူ့အခွင့်အရေးကော်မရှင်ကို ကျနော်တို့ ကိုမင်းကိုနိုင်ကိုလည်း တချိန်တုန်းက လုပ်ပါလို့ ကမ်းလှမ်းခဲ့ဖူးတာရှိတယ်။ အဲဒီတော့ အခုလိုအခြေအနေမှာ ဘယ်လိုမျိုး ထိရောက်တဲ့၊ လူ့အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်ပေးတဲ့ ကော်မရှင်ဖြစ်အောင် ဘယ်ကနေများ ဘယ်လို ပြန်စလုပ်သင့်သလဲ။ နောက်တခုက လက်ရှိ လူ့အခွင့်အရေးကော်မရှင်က ဘယ်လိုအမှုတွေကို ဘယ်လောက်ကိုင်တွယ်နိုင်ခဲ့လဲ။ သူတို့ရဲ့ Competency ပေါ့။ ၂၀၁၄ ကတည်းက သမ္မတအမိန့်နဲ့ဖွဲ့တယ်။ အခုထက်ထိရော တကယ်တမ်း လက်တွေ့အလုပ်ဖြစ်လား။ အဲဒါလေး ဖြည့်စွက်ပြောပေးပါဦးခင်ဗျ။

ဖြေ - အခုလောလောဆယ် လွှတ်တော်က ဒီသတင်းကို ကြားသွားတဲ့အချိန်မှာ ဒေါပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချိုကနေ ဒီမှာ တာဝန်ရှိတဲ့သူတွေက တာဝန်ဝတ္တရား ပျက်ကွက်တဲ့အတွက် အရေးယူပေးဖို့အတွက် တောင်းတာ ဖြစ်ပါတယ်။ ဒါကတော့ လက်ရှိအခြေအနေအရ တင်ပြတာပေါ့။ ကျနော့်အနေနဲ့ကတော့ ဒီဟာတွေဖြစ်ရတာ ဘာကြောင့်ဖြစ်ရလဲဆိုတာ ပိုပြီးတော့ တွက်ဆဖို့ လိုအပ်ပါတယ်။ ဒီကော်မရှင် ပေါ်လာကတည်းက ကျနော်တို့ အမြဲတမ်း တောင်းဆိုပါတယ်။ ဒီလိုလူတွေ ရွေးချယ်တဲ့အချိန်မှာ သမ္မတက တိုက်ရိုက်ခန့်အပ်တာ မဟုတ်ဘဲနဲ့ ခုနလို အသိပညာကြွယ်တယ်။ ဗဟုသုတတွေ ရှိတယ်။ နောက်တခါ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ လူတွေက အားကိုးပြီး အမှန်တကယ် လုပ်ဆောင်လိုတဲ့သူ ဖြစ်ဖို့အတွက် သက်ဆိုင်ရာနဲ့ တိုင်ပင်ညှိနှိုင်း ရွေးချယ်ပြီး လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒါတွေ မရှိခဲ့တဲ့အတွက် အခုလိုမျိုး တာဝန်နဲ့ဝတ္တရား၊ နေရာနဲ့စိတ်ဓာတ်၊ စိတ်ပိုင်းစေတနာနဲ့ တာဝန်ဝတ္တရား မကိုက်ညီတဲ့ အရာမျိုးတွေ ဖြစ်လာတဲ့အတွက် ကျနော့်အနေနဲ့ ဒါကို စိတ်မကောင်းစရာ တွေ့နေရတယ်။ ဒါကြောင့်မို့ ရှိပြီးတဲ့ဥပဒေထဲမှာ ဘာတွေက ဒါမျိုးဖြစ်အောင် လုပ်ဆောင်နေလဲ။ ဥပဒေထဲမှာ ဘာတွေအားနည်းနေလဲ။ ဒါကို ပထမဦးဆုံး ကျနော်တို့ ပြန်လည်သုံးသပ်ပြီးတော့ ဥပဒေကို ပြင်မှရပါမယ်။ ဥပဒေမပြင်ရင် ဒီအတိုင်းပဲ နောက်ထပ် လူ့အခွင့်အရေး နားမလည်တဲ့သူတွေ၊ ခန့်အပ်သူတွေ ထပ်တက်လာရင်ကော ဒီလိုပဲ ထပ်အရေးယူဦးမလား။ အရင်းစစ်ရင် ကျနော်တို့ ဥပဒေရဲ့ အားနည်းချက်ပါ။ ဒါကြောင့်မို့ ဥပဒေကို ပြန်ပြင်ဖို့လိုအပ်သလို တကယ့်ကို လူထုက လေးစားလက်ခံပြီး စိတ်ပိုင်းဆိုင်ရာရော အသိပညာပိုင်းဆိုင်ရာရော ကျွမ်းကျင်တဲ့သူတွေကို ရွေးချယ်တဲ့လုပ်ငန်းစဉ် ပြန်လည်ပြီးတော့ ဖြစ်သင့်ပါတယ်။ ဒါမှသာ လူမှန်၊ အနေမှန်၊ ရာထူးနဲ့ စိတ်ဓာတ်နဲ့ ဘက်မျှတဲ့ နှလုံးရည်၊ လက်ရုံးရည်နဲ့ ပြည့်စုံတဲ့သူတွေ ပေါ်လာမှာ ဖြစ်ပါတယ်။

မေး - နောက်တခု မေးချင်တာက CRC ပေါ့ဗျာ။ Convention on the Rights of the Children ကလေးသူငယ်များအခွင့်အရေး ၁၉၉၄ ပေါ့နော်။ မြန်မာနိုင်ငံလည်း လက်မှတ်ထိုးထားတယ်။ အခု အင်းဝက ကလေးတွေလိုပဲ လက်ရှိ မန္တလေးမှာလည်း အဆီချစက်ရုံမှာ အများကြီး ရှိလာခဲ့တယ်။ သူတို့တွေ အမှုတွေ ရင်ဆိုင်နေရတယ်။ နောက် တကယ်တမ်း အများစုကလည်း ကလေးသူငယ်တွေ၊ မိန်းကလေးတွေ၊ အရွယ်မရောက်သေးဘူး။ နောက် အိမ်ဖော်လုပ်ငန်း လုပ်ကြတယ်။ စင်ကာပူမှာသွားလုပ်တဲ့ မြန်မာအိမ်ဖော်တွေကိစ္စကျ တော်တော်ပြောကြတယ်။ ပြည်တွင်းမှာရှိနေတဲ့ Domestic Worker လေးတွေပေါ့။ အဲဒါနဲ့ပတ်သက်လို့ရော တကယ်တမ်း အထူးသဖြင့် ကလေးသူငယ်လေးတွေပေါ့။ ဘယ်လိုမျိုး အကာအကွယ် ပိုမိုပေးသင့်လဲ။ ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သူတယောက်အနေနဲ့ ဖြည့်စွက်ပြီးတော့ နည်းနည်းပြောပေးပါဦး ခင်ဗျ။

ဖြေ - ဟုတ်ကဲ့။ အရွယ်မရောက်သေးတဲ့ ကလေးတွေကို ဒီလိုမျိုးလုပ်ငန်းတွေ စေခိုင်းခြင်းက ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်မှာလည်း ကလေးအလုပ်သမားဥပဒေ မကြာမီ ပေါ်ပေါက်လာရင် အသက် ၁၃ နှစ်အောက်ကို ဘယ်လိုမှ အလုပ်စေခိုင်းခွင့် မရှိဘူးဆိုတာ ပေါ်ပေါက်လာပါလိမ့်မယ်။ ပြဿနာက ဒီလိုမျိုးကိစ္စတွေ၊ အထူးသဖြင့် အိမ်တွင်းအလုပ်သမားတွေဖြစ်တဲ့ Domestic Workers တွေနဲ့ ပတ်သက်လို့ ကျနော်တို့မှာ တိတိကျကျ ပြဋ္ဌာန်းထားတာ မရှိဘူး။ တိတိကျကျ စိစစ်တာ မရှိသလို တိတိကျကျ တိုင်ကြားနိုင်တဲ့ ဥပဒေလုပ်ငန်းစဉ်လည်း မရှိပါဘူး။ အဲဒီတော့ ဒါ ပထမဦးဆုံး ကလေးအလုပ်သမားတွေကို ကာကွယ်ပေးတဲ့ဥပဒေ ရှိသည့်တိုင်အောင် အိမ်တွင်းအလုပ်သမားတွေ Domestic Workers တွေအတွက် သီးသန့်မရှိတဲ့ အားနည်းချက် ဖြစ်ပါတယ်။ နောက်တခုက ကျနော်တို့ ဘာတွေ့ရလဲဆိုတော့ Domestic Workers အိမ်တွင်းအကူတွေက အိမ်ထဲမှာပဲ ဖြစ်နေတယ်။ အပြင်က မြင်လေ့မရှိကြဘူး။ ခုနကလို ရက်ရက်စက်စက်လုပ်နေတယ်။ ဒါပေမယ့် အိမ်ဆိုတဲ့ နံရံလေးဘက်ကြားမှာ လုပ်ဆောင်နေတဲ့ဟာကို အပြင်ကလူတွေ မသိကြဘူး။ သူတို့ တိုင်ကြားဖို့အတွက်လည်း ဘာမှ အဆက်အသွယ် မရှိကြဘူး။ အဲဒါတွေက အိမ်တွင်းအကူ အလုပ်သမားတွေအတွက် အဓိကပြဿနာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ပထမဦးဆုံး ကျနော်တို့ လုပ်ဆောင်သင့်တာက ကလေးဥပဒေကို ပြဋ္ဌာန်းဖို့၊ ကလေးအလုပ်သမား ဥပဒေကို အတိအကျ ပြဋ္ဌာန်းဖို့ လိုအပ်တယ်။ တချိန်တည်းမှာပင် အလုပ်သမားဥပဒေကြားမှာ အိမ်တွင်းအလုပ်သမားတွေကိုလည်း အလုပ်သမားအဖြစ် သတ်မှတ်ပြီး သူတို့ရဲ့ အလုပ်သမားခံစားခွင့်တွေ ရရှိအောင် ဒါတွေ ခံစားမှုတွေ ချိုးဖောက်မှု ဖြစ်လာခဲ့ရင် တိုင်ကြားနိုင်တဲ့ ယန္တရားတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ တော်တော်များများ ကျနော်တို့ဆီမှာ အကြမ်းဖက်ခံရတာ တိုင်ကြားမှုမရှိသလို အိမ်တွင်းအလုပ်သမားတွေကို ကာကွယ်ပေးတဲ့ သီးသန့်ဥပဒေ မရှိခြင်းက လက်ရှိအားနည်းချက်တွေ ဖြစ်နေတယ်။

မေး - ဟုတ်ကဲ့ခင်ဗျ။ အခု ကလေးအလုပ်သမားကနေပြီးတော့ ပိုကျယ်ပြန့်တဲ့ လူ့အခွင့်အရေးကော်မရှင်ဘက်ကို ပြန်သွားမယ်ဆိုရင်တော့ ၂၀၁၄ ဥပဒေတော့ ပေါ်လာတယ်။ အခု ဒီချုပ် ဦးဆောင်တဲ့အစိုးရမှာ လူ့အခွင့်အရေးကိစ္စ ပြောတယ်။ ဒီမိုကရေစီကိစ္စ ပြောတယ်။ အဲဒီတော့ တကယ်လို့များ တကယ်အားကောင်းမောင်းသန် အလုပ်ဖြစ်တဲ့ လူ့အခွင့်အရေးကော်မရှင်တခုဖြစ်ဖို့ အရင်ရှိတဲ့ ဥပဒေကို ပြင်ရမှာလား၊ ဒါမှမဟုတ် လူတွေကို ပြင်ရမှာလား၊ မူတွေကို ပြင်ရမှာလား။ အဲဒါနဲ့ပတ်သက်လို့ ကိုအောင်မျိုးမင်းရဲ့ အမြင်လေးကို ပြောပါဦးခင်ဗျ။

ဖြေ - ကျနော့်အနေနဲ့ ပြန်ဖြေမယ်ဆိုရင် လူလည်း ပြင်ဖို့လိုအပ်သလို၊ မူလည်းပြင်ဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ထိ လူကောင်းတွေ ရှိသည့်တိုင်အောင် ဥပဒေအရ ခွင့်မပြုထားရင် လုပ်ပိုင်ခွင့် ကျော်လွန်တယ်ဆိုပြီး တခါ ပြန်ပြီးတော့ အရေးယူနိုင်တဲ့ဟာမျိုး ရှိတယ်။ အဲဒီတော့ မူက ပြင်ဖို့လိုအပ်တယ်။ အဲဒီမူတွေကောင်းမှ လူကောင်းတွေ ၀င်လာလိမ့်မယ်။ လူကောင်းတွေကလည်း မူကို အသုံးချပြီးတော့ လုပ်ဆောင်နိုင်တဲ့အရာမျိုး ဖြစ်လိမ့်မယ်။ ဥပမာ- ခုနတုန်းက ကိုတိုးဇော်လတ်မေးတဲ့ တိုင်ကြားစာကိစ္စပေါ့။ မနှစ်တုန်းက ကျနော်တို့ ၂၀၁၅ အစီရင်ခံစာကို ကြည့်ပါ။ ကြည့်တဲ့အခါမှာ တိုင်ကြားစာပေါင်း ၁၂၀၀ ကျော် ရရှိတယ်။ တကယ်တမ်း ဖြေရှင်းနိုင်တာ ၁၀၀ ကျော်ပဲ ရှိတယ်ဆိုတာ တွေ့ရတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ မူအရလည်း ဖြစ်တယ်ဗျ။ ဘာလို့လဲဆိုတော့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်က တိုင်ကြားစာ လက်ခံပြီးတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနကို လွှဲပြောင်းတဲ့ဟာပဲ ရှိတယ်။ ဟိုက မလိုက်နာရင် ထပ်ပြီး ဖိအားပေးနိုင်တဲ့ အနေအထား မရှိဘူး။ ဒါက မူရဲ့အားနည်းချက်။ တချိန်တည်းမှာ လူရဲ့အားနည်းချက်က လက်ခံတယ်၊ ငါတို့ရဲ့ ဒါကိုလွှဲပေးလိုက်ရင် ပြီးပြီဆိုတဲ့ ကိစ္စမျိုး။ အဲလိုစိတ်ဓာတ်ရှိနေသမျှ မူအရလည်း မကောင်းဘူး။ လူအရလည်း မကောင်းတာ ဖြစ်တယ်။ အဲဒီတော့ နှစ်ခုလုံးပြင်ဖို့ လိုအပ်တယ်လို့ ထပ်လောင်းပြီးတော့ ပြောကြားပါရစေ။

မေး - ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ လောလောဆယ် မြန်မာပြည်မှာ အသွင်ကူးပြောင်းရေးကာလမှာ ကျနော်တို့ ပြင်၊ သစ်၊ ရုပ် ပေါ့ဗျာ။ ပြင်သင့်တဲ့ ဥပဒေတွေ၊ အသစ်ဆွဲသင့်တာတွေ၊ ရုပ်သိမ်းသင့်တဲ့ ဥပဒေတွေ။ အဲဒီထဲမှာရော လူ့အခွင့်အရေးနဲ့ ပတ်သက်ရင်တော့ တကယ်တမ်း မြန်မာပြည်ရဲ့ လူ့အခွင့်အရေးကို မြှင့်တင်မယ့်၊ ကာကွယ်မယ့် ဘယ်လိုလုပ်ငန်းစဉ် ဘယ်လို Process လိုလဲ၊ စောစောကပြောတဲ့ ဥပဒေအရရော တကယ်လက်တွေ့မှာရော ဘယ်လိုမျိုး တကယ်တမ်း အလုပ်ဖြစ်တဲ့ဟာတခုဖြစ်အောင် ဘာလုပ်ဖို့လိုလဲဆိုတာ နောက်ဆုံး ပြောပြပေးပါဦးခင်ဗျ။

ဖြေ - ပေါ်ခဲ့တဲ့ ဥပဒေထဲမှာ ကျနော်တို့ ကောင်းတဲ့အပိုဒ်တွေ ရှိသလို အားနည်းချက်တွေ ရှိပါတယ်။ အဲဒီအားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ဒါကို ဘယ်လိုပြောင်းမလဲဆိုရင် ဒီထက်ပိုခိုင်မာတဲ့ ဥပဒေတရပ် ပေါ်လာမယ်။ နောက်ထပ်တခုက ဒီဥပဒေက ရွေးချယ်တင်မြှောက်တဲ့သူတွေကို သမ္မတက တိုက်ရိုက်ရွေးချယ်တင်မြှောက်တာ မဟုတ်ဘဲနဲ့ အရည်အချင်းရှိတဲ့သူ ဘယ်သူလဲ၊ ပြည်သူလူထုက အကြံပြုတာကိုမှ အသိအမှတ်ပြုပြီး ရွေးချယ်တဲ့ပုံစံဖြစ်ဖို့ လိုအပ်မယ်။ နောက်တခုကတော့ ဒီလုပ်ငန်းတွေမှာ ကန့်သတ်ထားတဲ့အရာတွေက ဘာလဲဆိုရင်တော့ ပူးပေါင်းဆောင်ရွက်မှုပါ။ သက်ဆိုင်ရာ ၀န်ကြီးဌာန ပူးပေါင်းဆောင်ရွက်မှုမရှိရင် ကော်မရှင်လည်း ဘာမှမလုပ်နိုင်ဘူး။ အဲဒါကြောင့်မို့လို့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကို ဒီထက်ပိုပြီးတော့မှ ပေးဖို့လိုအပ်တယ်။ တကယ်လို့များ ရက်သုံးဆယ်အတွင်း သူတို့တင်ထားတဲ့ အမှုတွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနက ဘာမှ အကြောင်းမကြားဘူးဆိုရင် ဒီဝန်ကြီးဌာန ပျက်ကွက်မှုကြောင့် နောက်ထပ်တဆင့် လုပ်ပိုင်ခွင့် ပေးမယ်ဆိုရင်တော့ လူတွေအားလုံး မျှော်မှန်းနေတဲ့ လွတ်လပ်ပြီးတော့၊ ထိရောက်ပြီးတော့၊ မျက်နှာလိုက်မှုကင်းပြီးတော့ အလွှာပေါင်းစုံဖြစ်တဲ့ လူ့အခွင့်အရေးကော်မရှင်တရပ် ပေါ်လာမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013