DVB Logo
Home
Lead Story
ဆူညံသံအန္တရာယ်အကြောင်း (Noise Hazard)
DVB
·
September 30, 2016
ဆူညံသံအန္တရာယ်အကြောင်း (Noise Hazard)
1 / 2
Donate to DVB

 

စက်တင်ဘာ ၂၄ ရက်နေ့ ညပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ တမာကုန်း ရပ်ကွက်ရှိ ရပ်ကွက်ဓမ္မာရုံမှာ ဓမ္မစကြာရွတ်ဖတ်နေစဉ် ဓမ္မာရုံအတွင်းရှိ အသံချဲ့စက်ကို နိုင်ငံခြားခရီးသွားတဦး ဖြစ်တဲ့ ဟော်လန် နိုင်ငံသားတဦးက အသံချဲ့စက် ဖွင့်လှစ်ထားတဲ့ ကြိုးတွေကို ဆွဲယူဖြုတ်ခဲ့တဲ့သတင်းကို အင်တာနက်သတင်း စာမျက်နှာတွေပေါ်မှာ ဖတ်လိုက်ရပါ တယ်။

လူသားတွေ အပါအဝင် သက်ရှိသတ္တဝါတိုင်းဟာ မွေးဖွားလာကတည်းကနေ သေဆုံးချိန် အထိ နေ့စဉ် မိုးလင်းက မိုးချုပ် အသံမျိုးစုံနဲ့ နားထောင်ချင်သည် ဖြစ်စေ၊ နားမထောင်ချင်သည် ဖြစ်စေ အမြဲတစေ ထိတွေ့ကြရပါတယ်။ ရယ်မောသံ၊ ငိုကြွေးသံ၊ ကြုံးဝါးသံ၊ ညည်းညူသံ၊ ဂီတသံ၊ မိုးခြိမ်းသံ၊ ကားဟွန်းသံ၊ ဥဩတွန်သံ၊ ဝတ်ရွတ်သံ၊ ဘုရားရှိခိုးသံ အစရှိတဲ့ အသံဗလံမျိုးစုံထဲမှာ သာယာသံ၊ ဆူညံသံ၊ နားခံသာတဲ့ အသံ၊ နားမခံသာတဲ့အသံ ဆိုပြီး ခွဲခြားသတ်မှတ်လေ့ ရှိကြပါတယ်။

ဒါပေမယ့် အဲဒီလို ခွဲခြားသတ်မှတ်ကြရာမှာ လူသားတဦးနဲ့တဦး တခါတရံ မတူညီတတ်ပါဘူး။ မိမိ နှစ်သက်ရာ၊ မနှစ်သက်ရာအပေါ် မူတည်ပြီး ကွဲပြားတတ်သလို၊ ကျန်းမာရေးအခြေအနေနဲ့ ခံနိုင်ရည် အခြေအနေချင်းလည်း မတူညီတတ်ပါဘူး။ နေကောင်းနေတဲ့ လူတဦးရဲ့ နားခံနိုင်ရည်အားနဲ့ နာမကျန်းဖြစ်နေတဲ့ လူမမာတဦးရဲ့ နားခံနိုင်ရည်အားဟာ လုံးဝ ကွာခြားပါတယ်။

သာမန် လူကောင်းတဦးအတွက်တောင် သီချင်းသံ၊ ဂီတသံ စတဲ့ သာယာသံလို့ အများစုက  သတ်မှတ်နိုင်တဲ့ အသံတွေဟာ နားထောင်သူအတွက် အသံ အနိမ့်အမြင့် ဘယ်လောက် ချဲ့ထားသလဲ၊ ဘယ်လောက်မြှင့်ပြီး ဖွင့်ထားတာလဲ၊ ဘယ်လောက်ကြာကြာ ဖွင့်ထားတာလဲ၊ အသံဟာ ဘယ်လောက် အကွာအဝေးက လာနေတာလဲ ဆိုတာအပေါ် မူတည်ပြီး သာယာသံကနေ ဆူညံသံအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

တကယ်တော့ ဆူညံသံလို့ သတ်မှတ်ကြရတဲ့ နားမခံသာတဲ့ အသံတွေဆိုတာ လူသားတွေမှ မဟုတ်ပါဘူး။ အဟိတ်တိရစ္ဆာန်တွေတောင် မနှစ်မြို့ပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ အသံနဲ့ပတ်သက်ပြီး ဆူညံသံအန္တရာယ်အကြောင်း သိကောင်းစရာများကို စာရှုသူတွေအတွက် ဗဟုသုတအလို့ငှာ ရေးသားလိုက်ပါတယ်။

အသံ ဆိုတာဟာ ဖိအားတခုခုကြောင့် လေနှင့် ရေကဲ့သို့ တုန်ခါမှုကို လက်ဆင့်ကမ်းနိုင် သော ကြားခံနယ်တို့တွင်ရှိသော အောက်ဆီဂျင်၊ နိုက်ထရိုဂျင် စတဲ့ ဓာတ်ငွေ့မော်လီကျူးများနဲ့ ရေငွေ့ပြာစလေးများ စတဲ့   ရုပ်ဝတ္ထုအမှုန်အစလေးတွေ မျှခြေအနေအထား ပျက်ယွင်းပြီး ရွေ့လျားတုန်ခါမှုမှတဆင့် တုန်ခါပြန့်ထွက်လာသော လှိုင်းလှုပ်ရှားမှုကို ခေါ်ပါတယ်။

တုန်ခါမှုဟာ ကျုံ့နိုင် ကန်နိုင်တဲ့ သတ္တိရှိမယ့် ကြားခံနယ်ပယ် မရှိရင် အသံလှိုင်း ပျံ့ထွက်လှုပ်ရှားမှု မရှိနိင်တော့ပါဘူး။ ဆိုလိုတာကတော့ အာကာသထဲက လေဟာနယ်မှာ အသံလှိုင်းဟာ လက်ဆင့်ကမ်း တုန်ခါစရာမရှိလို့ ခရီးမနှင်နိုင်ပါဘူး။ အဲဒါကို လက်တွေ့ စမ်းသပ်နိုင်တဲ့ နည်းလမ်းကတော့ နှိုးစက်သံပေးထားတဲ့ နာရီတလုံးကို ဖန်ပေါင်းချောင်တခုထဲမှာ ထည့်ထားရင် ကြားနိုင်သေးပေမယ့် အဲဒီဖန်ပေါင်းချောင်ထဲက လေကို စုပ်ထုတ်လိုက်တာနဲ့ နာရီနှိုးစက်သံဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပါသတဲ့။

အသံရဲ့ မြန်နှုန်းအလျင်ဟာ အပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ်ရှိတဲ့ လေထုထဲမှာ တစက္ကန့်ကို ၁၁၂၆ ပေ သို့မဟုတ် တနာရီကို ၇၆၈ မိုင်နှုန်းနဲ့ သွားနိုင်ပါတယ်။ ရေထဲမှာဆိုရင် အသံဟာ လေထဲမှာထက် ၄ ဆမြန်အောင် သွားနိုင်ပါတယ်။

အသံကို တိုင်းတာတဲ့အခါ အသုံးပြုတဲ့ အတိုင်းအတာ ၂ မျိုး ရှိပါတယ်။ ကြိမ်နှုန်း (Frequency) နဲ့ ကျယ်လောင်မှု အနိမ့်အမြင့် (Intensity or loudness of noise) တို့ ဖြစ်ပါတယ်။

အသံတသံရဲ့ တုန်ခါမှု-ကြိမ်နှုန်း (frequency) ကို hertz (Hz) နဲ့ တိုင်းတာကြပါတယ်။ ကြိမ်နှုန်းဆိုတာ တစက္ကန့်အတွင်း သတ်မှတ်ထားတဲ့ အမှတ်အသားတခုကို ဖြတ်သန်းသွားတဲ့ အသံလှိုင်းအရေအတွက်ကို ပြောတာဖြစ်သလို တုန်ခါတဲ့ အရေအတွက်လို့လည်း သတ်မှတ်နိုင်ပါ တယ်။

အများအားဖြင့် လူသားတွေရဲ့ နားဟာ တစက္ကန့်မှာ တုန်ခါတဲ့ အကြိမ်ပေါင်း ၂၀ ကြိမ် (20 Hz) ကနေ အကြိမ်ပေါင်း ၂၀,၀၀၀ (20,000 Hz) အတွင်းရှိတဲ့ အသံတွေကိုသာ ကြားနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တုန်ခါနှုန်း ၁၀၀၀ ကြိမ် (1000 Hz) နဲ့ ၄၀၀၀ ကြိမ် (4000 Hz) ရှိတဲ့အသံမှသာ သဲသဲကွဲကွဲ ကြားနိုင်ပါတယ်။ လူသားတွေရဲ့ စကားပြောသံဟာ တုန်ခါနှုန်း ၁၀၀ ကြိမ်နှုန်း (100 Hz) နဲ့  ၂၀၀၀ ကြိမ်နှုန်း (2000 Hz) အတွင်းမှာ ရှိပါတယ်။

အသံရဲ့ ကျယ်လောင်မှု အနိမ့် အမြင့်ကိုတော့ ဒက်ဆီဘယ် decibels (dB) နဲ့ တိုင်းတာကြပါတယ်။ တနည်းအားဖြင့် ပြောရရင် အသံလှိုင်းရဲ့စွမ်းအား အတိမ်အနက်ကို တိုင်းတာခြင်းလို့ ပြောလို့ရသလို ရုပ်ဝတ္ထု အမှုန်အစလေးတွေရဲ့ မူလနေရာကနေ ဖိအားကြောင့် အမြင့်ဆုံး တုန်ခါတဲ့ အကွာအဝေးကို တိုင်းတာတာပါ။ ရေဟာ လေထက် ပိုမိုသိပ်သည်းတာမို့ လေထဲက အသံကျယ်လောင်မှု ဒက်ဆီဘယ် decibels (dB) ကို ရေထဲမှာ ကြားနိုင်တဲ့ ကျယ်လောင်မှုကို တွက်ချက်ရာမှာ ၆၁.၅ ဒက်ဆီဘယ် (61.5 dB’s) ကို ပေါင်းထည့်ပေးရမှာ ဖြစ်ပါတယ်။

အသံကျယ်လောင်မှု အနိမ့် အမြင့်ကို ပြတဲ့ ဒက်ဆီဘယ်ဟာ လောဂရစ်သမ်စကေး ဖြစ်တာကြောင့် အသံကျယ်လောင်မှု ၃ ဒက်ဆီဘယ် (dB) တိုးတိုင်း အသံဟာ နှစ်ဆ ပိုကျယ်လာ တယ်လို့ ဆိုပါတယ်။ ဥပမာပေးရရင် ၈၈ ဒက်ဆီဘယ် (88 dB’s) ဟာ ၈၅ ဒက်ဆီဘယ် (85 dB’s) ထက် နှစ်ဆ အသံပိုကျယ်ပါတယ်။

တိုင်းတာမှုများအရ အကြမ်းဖျင်းအားဖြင့် စကားပြောသံ (၆၀ dB’s)၊ ဖုန်စုပ်စက် (၈၀ dB’s)၊ အင်္ဂတေဖောက်စက်သံ (၉၀ dB’s)၊ လွှသွားဖြတ်သံ (၁၀၀ dB’s)၊ လော်စပီကာသံ (၁၀၅ dB’s) ၊ ရော့ခ်ဂီတသံ (၁၁၅ dB’s)၊ ဂျက်အင်ဂျင်သံ (၁၃၀ dB’s) အနီးကပ် သေနတ် ဗုံးပေါက်ကွဲသံ ဆိုရင် ၁၄၀ dB’s ကျော်သွားနိုင်ပါတယ်။

အများအားဖြင့် ဆိုကြတာကတော့ ၇၅ dB’s ထက်ကျော်တဲ့ အသံကို အမြဲလိုလို ကြားနေ ရရင် အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ စင်္ကာပူနိုင်ငံက ခွင့်ပြုထားတဲ့ အသံကျယ်လောင်မှု အနိမ့်အမြင့်နဲ့ ကြာမြင့်ချိန်ဇယားအရ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို ၈၅ dB’s ရှိတဲ့ အသံကို တနေ့မှာ ၈ နာရီထက် ပိုကြာမြင့်စွာ ကြားနေရတဲ့ အခြေအနေဆိုရင် ခွင့်မပြုပါဘူး။

အဲဒီဇယားအတိုင်းဆိုရင် ၁၀၅ dB’s ကျယ်လောင်မှုရှိတဲ့ လော်စပီကာသံဆိုရင် အချိန် ၅ မိနစ်ထက်ပိုပြီး နားထောင်ခွင့်မပေးတဲ့ သဘောပါပဲ။ အားလုံး သိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာက လော်စပီကာတွေကို ဥပဒေရှိနေပါရက်နဲ့ အကန့်အသတ်မဲ့ သုံးစွဲနေကြတာပါ။ ဒါကို အုပ်ချုပ်ရေး အာဏာပိုင်တွေအနေနဲ့ သေချာစွာ စိစစ်သင့်ပါတယ်။

ဆူညံသံ (Noise)

ဆူညံသံ (Noise) ဆိုတာ လက်ခံနားထောင်မယ့် လူပုဂ္ဂိုလ် သက်ရှိသတ္တ၀ါတို့အတွက် လက်မခံချင်လောက်အောင် ကျယ်လောင်လွန်းတဲ့ အသံ၊ စကားပြောဆို ဆက်သွယ်ရာမှာ အနှောင့်အယှက်ပြုနေတဲ့ အသံ၊ အကြားအာရုံ ထိခိုက်စေလောက်အောင် ဆူညံလွန်းနေတဲ့ အသံ၊ အိပ်မပျော်နိုင်လောက်အောင် ဆူညံနေတဲ့ အသံ၊ ကျန်းမာရေး ထိခိုက်နိုင်တဲ့ အသံ အစရှိတဲ့ မလိုလား၊ မလိုချင်တဲ့ အသံတွေလို့ အကြမ်းဖျင်း  ပြောနိုင်ပါတယ်။ စာစကားနဲ့ အဓိပ္ပာယ်ဖွင့်ရရင် ရစ်သမ်ပျောက်နေတဲ့ အသံ၊ ပုံပျက်နေတဲ့ အသံလို့ ပြောနိုင်မယ် ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆူညံသံဆိုတာ လူ့ပတ်ဝန်းကျင်ကို ကိုယ်စိတ်နှလုံး ပင်ပန်းဆင်းရဲစေတာမို့ အများပြည်သူ ကျန်းမာရေးကို ထိခိုက်စေပြီး အနှောင့်အယှက်ဖြစ်စေတဲ့ အသံပါပဲ။

ဆူညံသံမှပေးသော ဆိုးကျိုးများ

ဆူညံသံဟာ အောက်ပါဆိုးကျိုးအမျိုးမျိုးကို ပေးနိုင်တဲ့အပြင် အသက်ဆုံးရှုံးစေနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။

(က) စိတ်ကျန်းမာရေး ထိခိုက်စေမှုများ-

(၁) စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဖိစီးခြင်း

(၂) စိတ်ဂနာမငြိမ်ခြင်း

(၃) အိပ်မပျော်ခြင်း

(၄) အစာမခြေနိုင်ခြင်း

(၅) စိတ်ဓာတ်ကျခြင်း

(၆) စိတ်အနှောင့်အယှက်ဖြစ်ခြင်း

(၇) စိတ်အာရုံ မစုစည်းနိုင်ခြင်း

(ခ) ကိုယ်ကျန်းမာရေး ထိခိုက်စေမှုများ-

(၁) ယာယီနားမကြားနိုင်ခြင်း

(၂) အမြဲတမ်း နားမကြားတော့ခြင်း

(၃) သွေးတိုးခြင်း

(၄) အသက်ရှူ မြန်လာလျက် အောက်ဆီဂျင် ပိုမိုလိုအပ်ခြင်း

(၅) ချွေးပြန်ခြင်း

(၆) ကိုယ်ဝန်ဆောင် လမစေ့မီ မွေးဖွားနိုင်ခြင်း

(၇) ပေါင်မပြည့်သောကလေး မွေးဖွားခြင်း

(၈) နှလုံးခုန်နှုန်းမြန်ခြင်း

(၉) သွေးပေါင်ချိန်တက်ခြင်း

(၁၀) ကလေးငယ်တွေမှာ စာဖတ်ပြီး နားလည်နိုင်စွမ်းကို ပျက်စီးစေခြင်း

(၁၁) ကလေးငယ်တို့၏ မှတ်ဉာဏ်ကို ထိခိုက်နိုင်ခြင်း

(၁၂) ရောဂါပိုးတို့ မှ ခံနိုင်ရည်အား ကျဆင်းခြင်း

ဆူညံသံမြင့်တဲ့ လုပ်ငန်းခွင်တွေမှာ အသံကို လျော့ပါးအာင် မထိန်းချုပ်ခဲ့ရင်သော် လည်းကောင်း၊ အကာအကွယ် နားဆို့ နားကြပ်တွေ အသုံးမပြုဘူးဆိုရင် အလုပ်သမားတွေမှာ အလုပ်ကို အာရုံမပြုနိုင်၊ အာရုံစုစည်းဖို့ ခဲယဉ်းတာကြောင့်အပြင် အလွယ်တကူ ညောင်းညာ ပင်ပန်းစေတတ်တဲ့အပြင် ပြောဆိုဆက်ဆံရာမှာ နားလည်မှုတွေ လွဲချော်တတ်ပြီး ကုန်ထုတ် စွမ်းအားနဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းတတ်ပါတယ်။

သတ်မှတ်ချက်တဲ့ ကျော်လွန်တဲ့ ဆူညံသံကို သတ်မှတ်ခွင့်ပြုချိန်ထက် ကျော်လွန် နားထောင်ရသူဟာ တဖြည်းဖြည်းချင်း အကြားအာရုံ ချို့တဲ့လာရာက ကြာလေလေ ပိုဆိုးလာ လေလေ ဖြစ်ပြီး နောက်ဆုံးမှာ နားပင်း နားထိုင်းရာကနေ နားကန်းတဲ့အဆင့်ထိ ရောက်နိုင်ပါတယ်။

ဆူညံသံကြောင့် အကြားအာရုံ ချို့တဲ့ရာမှာ အဆင့် ၄ ဆင့် ရှိပါတယ်။ ပထမအဆင့်ကတော့ နားထဲမှာ တစီစီနဲ့ မြည်သံတွေကို ခဏတဖြုတ်ကြားပြီး ပျောက်သွားတဲ့ အဆင့်ပါ။ ဒုတိယအဆင့်ကတော့ နားထဲမှာ တစီစီမြည်သံကို မကြာခဏ ပြတ်တောင်းပြတ်တောင်း ကြားလာရတဲ့ အဆင့်ပါပဲ။ တတိယအဆင့်ကတော့ ပုံမှန် ကြားနေကျအသံတွေ မကြားရတဲ့ အဆင့်ပါပဲ။ စတုတ္ထအဆင့်ကတော့ ပြောတာ တခြား၊ ကြားတာ တခြား ဖြစ်လာတဲ့အပြင် အိပ်လို့မပျော်တဲ့ အဆင့်ပါပဲ။

အချုပ်အားဖြင့် ပြောရရင် ဆူညံသံအန္တရာယ်ဟာ လူသားတွေ သတိမမူမိဘဲ ဖုံးကွယ်နေတဲ့ ကြောက်မက်ဖွယ် အန္တရာယ်ဘီလူးကြီးတကောင်ပါ။ အထူးသဖြင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှု နောက်ကျကျန်ရစ်ပြီး အသိပညာ ဆင်းရဲနိမ့်ကျရစ်တဲ့ တိုင်းပြည်မှာ လူနဲ့ လူ့ဝန်းကျင်၊ လုပ်ငန်းခွင်မှာရှိတဲ့ ဘေးအန္တရာယ်တွေအကြောင်း သတိမပြုမိကြတာကြောင့် လော်စပီကာ၊ ဆောင်းဘောက်တွေကို မိုင်ကုန်၊ မီးကုန်ယမ်းကုန် အသံမြှင့်ပြီး တပျော်တပါး ဖွင့်လေ့ရှိတဲ့ အလေ့အထတွေ စွဲလာတော့ မျက်ကန်းတစ္ဆေ မကြောက်သလို  ဖြစ်နေကြတာ မဟုတ်လား။

အလှူ၊ မင်္ဂလာဆောင်တွေ၊ ဗလီကျောင်းကန်တွေ၊ ရပ်ရွာဓမ္မာရုံတွေ အနီးနားမှာ လူမမာတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ ရှိရှိ၊ မရှိရှိ ဂရုမစိုက်ကြဘဲ အလိုက်ကန်းဆိုး မသိ၊ ကိုယ်ချင်းစာနာစိတ်မရှိ အားရပါးရ ကိုယ်ဖွင့်ချင်တာတွေကို နာရီပေါင်းများစွာ ဆက်တိုက်ဖွင့် တာဟာ ဘေးပတ်ဝန်းကျင်က မိဘပြည်သူတွေကို ငရဲတွင်းထဲချ နှိပ်စက်နေသလို ဖြစ်နေတာကို အသံချဲ့စက်ကိုင်သူတွေ သတိပြုမိပုံ မရကြဘူး။

သာရေး နာရေး၊ လူမှုရေး၊ နိုင်ငံရေး ဘယ်လို အကြောင်းအမျိုးမျိုးမှာပဲ ဖြစ်ဖြစ် လော်စပီကာ အသုံးပြုရမှုဟာ ရှောင်ကွင်းလို့ မရနိုင်ပေမယ့် အသိတရားရှိရှိ သုံးစွဲတတ်ဖို့၊ အနီးနားက လူတွေကို ကျန်းမာရေး အန္တရာယ်ပြုတဲ့အထိ မဆင်မခြင် သုံးစွဲနေမှုတွေကို ထိန်းသိမ်းပညာပေး ပြုပြင်တည့်မတ်ဖို့ဆိုတာ ရပ်ရွာ၊ မြို့နယ် အုပ်ချုပ်သူ အစိုးရမင်းတွေမှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး၊ သံဃာတော်၊ ဗလီဆရာ၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ရပ်မိ ရပ်ဖတွေ၊ ရပ်ကွက်သူ ရပ်ကွက်သားတွေ အပါအ၀င် လူတိုင်း လူတိုင်းမှာ တာဝန်ရှိပါတယ်။

လော်စပီကာ အပါအ၀င်၊ ဆောင်းဘောက်က စလို့ စက်ယန္တရားတွေ သုံးစွဲရာက ထွက်တဲ့ အသံ၊ ကားဟွန်းသံ၊ အော်ဟစ်ဆဲဆိုသံ အစရှိတဲ့ ဆူညံသံတွေရဲ့ အန္တရာယ်ဟာ သတ်မှတ်ခွင့်ပြုချိန် အတိုင်းအတာထက် ကျော်လွန်လာခဲ့ရင် နားပင်း နားထိုင်းရုံ အန္တရာယ်တင်မကဘဲ ရုပ်ပိုင်း စိတ်ပိုင်း အခြေအနေတွေ ယိုယွင်းပြီး လူ့အသက်ကို ရန်ရှာနိုင်တဲ့ အဆင့်ထိ အန္တရာယ်ကြီးတယ် ဆိုတာ သဘောပေါက်ပြီး သတိပြုမိသူတိုင်းက မှန်ကန်တဲ့ နည်းလမ်းနဲ့ ဥပဒေကို အသုံးပြုလို့ ၀ိုင်းဝန်းပညာပေး တားဆီးကြဖို့ အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်း လိုက်ပါတယ်။  

မင်းကောင်းချစ်

စက်တင်ဘာလ ၂၆ ရက် ၂၀၁၆ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013