DVB Logo
Home
မြန်မာသတင်း
မိုင်းတုံရေအားလျှပ်စစ် ရေကာတာ ဆက်ဆောက်ပါက ငြိမ်းချမ်းရေးကို ထိခိုက်နိုင်
DVB
·
September 29, 2016
မိုင်းတုံရေအားလျှပ်စစ် ရေကာတာ ဆက်ဆောက်ပါက ငြိမ်းချမ်းရေးကို ထိခိုက်နိုင်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မိုင်းတုံရေအားလျှပ်စစ် ရေကာတာ ဆက်လက်ဆောက်လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) က ပြောလိုက်ပါတယ်။

အရင်အစိုးရလက်ထက် သံလွင်မြစ်ပေါ် မိုင်းတုံ ရေအားလျှပ်စစ် ရေကာတာ တည်ဆောက်ဖို့ တရုတ်နိုင်ငံနဲ့ သဘောတူစာချုပ်ရှိတာကြောင့် ပြည်နယ်ဒေသခံတွေက ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

ဒီကန့်ကွက်မှုကို ပုံဖော်ထားတဲ့ ကျွန်းတထောင် ရေလွှမ်းတော့မယ်ဆိုတဲ့ ရုပ်သံမှတ်တမ်းကို စက်တင်ဘာ ၂၈ ရက်နေ့က Orchid Hotel မှာ ရုပ်ရှင်မှတ်တမ်းအနေနဲ့ ပြသရာ အက်စ်အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ထည့်သွင်းပြောဆိုခဲ့တာပါ။

“သံလွင်မြစ်ကို ကျနော်တို့ Dam တွေဆောက်မယ်။ ရတဲ့ဓာတ်အားတွေကို နီးစပ်ရာနိုင်ငံတွေကို ပေးမယ်ဆိုရင် ကျနော်တို့လည်း ခံစားခွင့်ရှိနိုင်တယ်။ ဒီအချက်က၊ အဓိကအရေးကြီးတာကတော့ သက်ဆိုင်ရာဒေသ၊ သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ ပြည်နယ်သူ ပြည်နယ်သားတွေ၊ တိုင်းရင်းသားတွေရဲ့ဆန္ဒ မပါဘဲနဲ့ ဆက်သွားမယ်ဆိုရင်တော့  အမျိုးသားရင်ကြားစေ့ရေးဆိုတာ ကြာသထက် ကြာပါဦးမယ်။ အကယ်၍ ကျရှုံးခဲ့ရင် ငြိမ်းချမ်းရေးဆိုတာလည်း ထိခိုက်နိုင်တယ်ဆိုတာ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။”

တိုင်းရင်းသားဒေသက ထွက်ရှိတဲ့ သယံဇာတပစ္စည်းတွေကို အရင်အစိုးရအဆက်ဆက် ထုတ်ယူသုံးစွဲခဲ့တာ၊ ဒေသခံတွေ သယံဇာတကို အတူမခံစားရတာ စတာတွေက တန်းတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေမှာ ရှေ့ဆက်ဖို့ ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။

အဲဒါအပြင် သံလွင် မိုင်းတုံရေအားလျှပ်စစ်က ရောင်းကုန်တခုပဲဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် မဟုတ်တဲ့ကိစ္စ၊ စီးပွားရေးအရ၊ နိုင်ငံရေးအရ အာဏာခွဲဝေမှု ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံမရှိသေးတဲ့ကိစ္စ၊ ဆည်တည်ဆောက်မှုကို ကန့်ကွက်ရုံတင်မကဘဲ EIA, SIA အဖွဲ့ကိုပါ ကန့်ကွက်ကြောင်း ဦးစိုင်းလိတ်က ဆက်လက်ပြောဆိုသွားပါတယ်။

“ကျနော်တို့မှာ ကွန်စတီကျူးရှင်းလိုဟာမျိုး တိတိကျကျ ပြဋ္ဌာန်းထားတဲ့ အာဏာခွဲဝေမှု၊ စီးပွားရေးအရ ခွဲဝေမှု၊ သယံဇာတအရ ခွဲဝေမှု၊ အခွန်အခအရ ခွဲဝေမှုတွေ တိတိကျကျ မပြဋ္ဌာန်းနိုင်ခင်မှာ ဒီလုပ်ငန်းတွေကို လုပ်လိုက်မယ်ဆိုရင် ထပ်မံပြီး ပဋိပက္ခတွေ တိုးပွားစေမယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကို နှောင့်နှေးစေတယ်။ နိုင်ငံရေးအရ ဖိအားပေးပြီးတော့မှ ဒီစီမံကိန်းတွေကို မလုပ်မဖြစ် လုပ်ပါမယ်ဆိုရင် တိုင်းရင်းသားလူထုရဲ့ ငြိုငြင်မှုကို ခံစားရပါလိမ့်မယ်။ မဖြစ်မနေလုပ်မယ့် အဖွဲ့အစည်းက သမိုင်းတရားခံ ဖြစ်လိမ့်မယ်။ ခွင့်ပြုတဲ့အဖွဲ့အစည်းက အမှုတွဲပါလိမ့်မယ်။”

ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ ဟိုပန်မြို့ကြား သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် နောင်ဖွဲ့ရေကာတာကို တရုတ်ကုမ္ပဏီနဲ့ မြန်မာဘက်နဲ့ အသိအမှတ်ပြု စာချွန်လွှာကို အရင်အစိုးရလက်ထက် ၂၀၀၉ မှာ ရေးထိုးခဲ့ပြီး ၂၀၁၄ မှာ သဘောတူစာချွန်လွှာ ရေးထားပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်လူထုနဲ့ အဖွဲ့အစည်း အသီးသီးက ဆည်တည်ဆောက်မယ့်ကိစ္စကို ဆက်လက်ဆန့်ကျင် ကန့်ကွက်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013