DVB Logo
Home
မြန်မာသတင်း
မဲသဝေါဒေသတိုက်ပွဲနှင့် ဟတ်ကြီးရေကာတာစီမံကိန်း တိုက်ရိုက်ဆက်စပ်နေ
DVB
·
September 29, 2016
မဲသဝေါဒေသတိုက်ပွဲနှင့် ဟတ်ကြီးရေကာတာစီမံကိန်း တိုက်ရိုက်ဆက်စပ်နေ
Donate to DVB

ကရင်ပြည်နယ်မယ်သဝေါဒေသမှာ လတ်တလောဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ သံလွင်မြစ်ပေါ် တည်ဆောက်မယ့် ဟတ်ကြီးရေကာတာစီမံကိန်းနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့ ကရင်မြစ်ချောင်း စောင့်ကြည့်ရေးကွန်ရက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာလမှာ အကောင်အထည်ဖော်ဖို့ လျာထားတဲ့ ဟတ်ကြီးရေကာတာ စီမံကိန်း တည်ရှိရာနေရာရဲ့ အရှေ့ဘက်နဲ့တောင်ဘက်ခြမ်းဒေသမှာ တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး ဒီတိုက်ပွဲတွေနဲ့ ရေကာတာစီမံကိန်း ပတ်သက်ဆက်နွယ်နေတယ်လို့ ကရင်မြစ်ချောင်း စောင့်ကြည့်ရေးကွန်ရက်တာဝန်ခံ စောသာဘိုးက ပြောပါတယ်။

“ဘယ်လိုဆက်စပ်လဲဆိုတော့ တိုက်ပွဲတွေက ၂ ရက်နေ့ကနေစပြီးတော့မှ ဒီနေ့အချိန် အထိ ဖြစ်တယ်။ ပထမဖြစ်တာက မဲသဝေါလမ်းတလျှောက်မှာဖြစ်တယ်။ မဲသဝေါလမ်းဟာ ကျနော်တို့ ဒီဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းကိုသွားဖို့ လမ်းကြောင်းတခုဖြစ်တယ်။ အနီးဆုံးလမ်းပေါ့။ ထိုင်းကနေ သွားမယ်ဆိုရင် ၂ နာရီခွဲလောက်ပဲ သွားလို့ရမယ့်လမ်းဖြစ်တယ်။ ပြီးတော့ နွေရာသီမှာဆိုရင် ရင်းပိုင်ကနေစပြီးမှ ရေကာတာဆောက်မယ့်တောင်ကြားကိုဆိုရင် နွေရာသီ လမ်းရှိပြီးသား။ ပြီးတော့ ဒီလမ်းကို နယ်မြေစိုးမိုးမှုယူတယ်။ ပြီးတော့ ၂၀ ရက်နေ့ နောက်ပိုင်း တိုက်ပွဲတွေဆိုရှိရင် သံလွင်မြစ်တလျှောက်မှာရှိတဲ့ ရွာတွေကို သူတို့ ဆင်းလာခိုင်းတယ်။ ဆင်းလာခိုင်းပြီးတော့မှ သူတို့က စစ်ထိုးမယ်ပေါ့။ အဲဒီပုံစံမျိုးတွေ့ရတယ်။ ဒါကြောင့် တိုက်ပွဲက ရေကာတာနဲ့ လုံးဝဆက်နွယ်တယ်လို့ ကျနော်တို့ ပြောချင်တာဗျာ။”

ဒါ့အပြင် အခု နယ်ခြားစောင့်တပ်နဲ့ အစိုးရတပ်မတော်တို့က ပူးပေါင်းထိုးစစ်ဆင်လာတဲ့အတွက် ၄ နှစ်ကျော် ကြာရရှိထားတဲ့ အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ကြား  အပစ်ခတ်ရပ်စဲမှုတွေ ပျက်ပြယ်ပြီး တိုက်ပွဲပြန်ဖြစ်လာနိုင်ချေရှိတယ်လို့လည်း ပြောပါတယ်။

“တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတာ ၁၈ ရက်နေ့တုန်းက သူတို့ ဘီဂျီအက်ကနေပြီးမှ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၅ နယ်မြေကို သူတို့ခွင့်တောင်းခဲ့တယ်။ အဲဒီဟတ်ကြီး ဒေသကိုတပ်ချဖို့။ အကြောင်းပြချက်ကတော့ နယ်မြေစိုးမိုးမှုကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြ ချက်ပေးပြီးတော့ တောင်းဆိုတာရှိတယ်။ သို့သော်လည်း ကရင်လွတ်မြောက်ရေး တပ်မတော်က ပယ်ချခဲ့တယ်။ သို့သော်လည်း အခုလက်ရှိအနေအထားကတော့  ရွာသားတွေကိုတော့ အကုန်လုံးဆင်းလာခိုင်းပြီ။ ဆင်းလာပြီးလို့ရှိရင် အကယ်၍သာ သူတို့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ရဲ့နယ်မြေကို အတင်းဝင်ရောက်မယ်ဆိုရင်တော့ ဒါ ပစ်ခတ်မှု ဖြစ်မှာ သေချာတယ်။”

ဟတ်ကြီးရေကာတာစီမံကိန်းကို ၂၀၂၁ ခုမှာ အပြီးသတ်လုပ်မယ်ဖို့ အစိုးရက စီစဉ်ထားသလို ပြီးခဲ့တဲ့လကလည်း ထိုင်းဘက်က ဟတ်ကြီးရေကာတာကနေပြီးမှ ရေသွယ်မယ်ဆိုတဲ့ ကိစ္စမျိုး စီစဉ်တာတွေရှိတယ်လို့လည်း စောသာဘိုးက ပြောပါတယ်။

ကရင်လူထုအခြေပြုအဖွဲ့တွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ကရင်မြစ်ချောင်းစောင့်ကြည့်ရေး ကွန်ရက်ကတော့ ဟတ်ကြီးပါအ၀င် သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့်  ရေကာတာ စီမံကိန်းတွေကို ကန့်ကွက်ထားပါတယ်။

ဒီရေကာတာစီမံကိန်းတွေကနေရရှိလာမယ့် လျှပ်စစ်ဓာတ်တွေကို ပြည်သူတွေအကျိုးခံစား ရမှာမဟုတ်သလို ရေတွေကိုလည်းရောင်းစားမှာဖြစ်တဲ့အတွက် ကန့်ကွက်တာလို့လည်းဆိုပါ တယ်။

ဒါ့အပြင် ဟတ်ကြီးရေကာတာကြောင့် သံလွင်မြစ်ဘေးဝဲယာမှာ တည်ရှိတဲ့ ထိုင်းရွာ ၂၀ နဲ့  မြန်မာဘက်ခြမ်းရှိ ကရင်ရွာ ၁၁ ရွာတို့မှာ မြစ်အောက် နစ်မြုပ်ပျောက်ကွယ်သွားနိုင်ပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေ အတိဒုက္ခရောက်ကြမယ်လို့ သံလွင်မြစ်စောင့်ကြည့်ရေးအဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013