DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု အစိုးရရှေ့နေ တရားရုံးမှာ အပြီးသတ်တင်ပြ
DVB
·
September 28, 2016
လိပ်ကျွန်းလူသတ်မှု  အစိုးရရှေ့နေ တရားရုံးမှာ အပြီးသတ်တင်ပြ
Donate to DVB

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေး အယူခံဝင် ထားရာမှာ အစိုးရရှေ့နေဘက်က တရားရုံးကို အပြီးသတ်တင်ပြချက် ပို့ပြီးသွားပြီ ဖြစ်ပါတယ်။

လူငယ် ၂ ဦးကို သေဒဏ်ချမှတ်လိုက်ပြီးတဲ့နောက် သူတို့ရဲ့အကျိုးဆောင်ရှေ့နေတွေက အစိုးရ ရှေ့နေဘက်ကို ဖြေရျင်းချက်တွေတောင်းဆိုထားရာမှာ စက်တင်ဘာလ ၂၇ ရက်နေ့က နောက်ဆုံးအကြိမ် အပြီးသတ်တင်ပြချက်ပို့ခဲ့တယ်လို့ ဒီအမှုမှာ လိုက်လံကူညီဆောင်ရွက်ပေး နေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“အယူခံကာလမှာ တရားသူကြီးတွေကနေပြီးတော့ ဒီအယူခံနဲ့ ပတ်သက်တဲ့ ဖြေရှင်းချက်တွေကို အစိုးရရှေ့နေဘက်ကို တောင်းတယ်။ အခုဆိုရင် ၉ ကြိမ်မြောက် တောင်းခြင်းပေါ့လေ။ ၂၇ ရက်နေ့က နောက်ဆုံးတင်ပြချက် ပို့ပြီးပြီ။ ဒီတင်ပြချက်ကို ကြည့်ပြီးတော့ ထပ်လို ရင်ထပ်တောင်း မယ်၊ မလိုဘူးဆိုရင်မတောင်းတော့ဘူး။ အန်ကယ်တို့ဘက်ကိုလည်း လိုရင်တောင်းဦးမှာပါ။ အမှုတွဲက စာမျက်နှာပေါင်း ၃ ထောင်ကျော်တယ်။ အန်ကယ်တို့ဘက်ကတင်တဲ့ အယူခံ အကြောင်းပြချက်ကလည်း ၁၉၈ မျက်နှာရှိတယ်။ အဲဒီ ၂ ခုကို ချင့်ချိန်ပြီးတော့ ဘယ်ဟာက အောက်ရုံးမှာဘယ်လိုဆိုတာကို သုံးသပ်ပြီးတော့ လိုအပ်သလို ဖြေရှင်းချက်တောင်းနေတဲ့ သဘောပါ။”
အခုလို ဖြေရှင်းချက်တောင်းနေရာမှာ တရားခံမြန်မာလူငယ်ဘက်ကိုတော့ တောင်းဆိုတာ မတွေ့သေးဘဲ အစိုးရရှေ့နေဘက်ကိုသာ တောင်းဆိုတဲ့အတွက် တရားလိုဘက်က တင်ပြချက် နဲ့ အမှုတွဲအားနည်းချက်တွေရှိတဲ့ သဘောပဲလို့ သူက ဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာ လူငယ်၂ ဦးဘက်က အယူခံတင်ထားတာကြောင့် အယူခံတရားရုံး ရဲ့ သဘော အရမှာ လူငယ် ၂ ဦးက တရားလိုဖြစ်သွားတာကြောင့် အမှု အလားအလာ ကောင်းမွန်ကြောင်း နဲ့ ကျန်းမာရေးအခြေအနေလည်းကောင်းမွန်တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါ တယ်။

ဘန်ကောက်မြန်မာသံရုံးဘက်ကလည်း ဘန်ခွမ်အကျဉ်းထောင်မှာရှိတဲ့ မြန်မာလူငယ် ၂ ဦးကို ထပ်မံသွားရောက်အားပေးတွေ့ဆုံဖို့ သက်ဆိုင်ရာအကျဉ်းထောင်ကို ခွင့်ပြုချက်တောင်းထားပြီး ဖြစ်ကြောင်း၊ အဖွဲ့စုံက ကိုယ်စားလှယ်တွေနဲ့ လာမယ့် အောက်တိုဘာ ၈ ရက်နေ့မှာ သွားရောက် တွေ့ဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013