DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် အိမ်ထောင်မပြုသူဦးရေအလွန်များဟု ဆို
DVB
·
September 28, 2016
မြန်မာတွင် အိမ်ထောင်မပြုသူဦးရေအလွန်များဟု ဆို
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ အိမ်ထောင်မကျတဲ့ အမျိုးသမီးရာခိုင်နှုန်း အလွန်များနေပြီး ဒီအချက်ဟာ ကလေးမွေးနှုန်း ကျဆင်းစေတဲ့အကြောင်းရင်းတရပ်ဖြစ်နေတယ်လို့ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာ ရင်း စစ်တမ်းတရပ်က ဖော်ပြလိုက်ပါတယ်။

နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်မှာ စက်တင်ဘာ ၂၇ရက်က လုပ်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းရဲ့ အသေးစိတ် သုတေသနစာတမ်းများဖြစ်တဲ့ မွေးဖွား ခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်း စတဲ့ စာတမ်းသုံးစောင် ထုတ်ပြန်ခြင်းအခမ်းအနားမှာ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနားမှာ မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း အသေးစိတ်သုတေသနစာတမ်းကို ဖတ်ကြားခဲ့တဲ့ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ''ဘာကြောင့် အိမ်ထောင်ကျဖူးတဲ့ အမျိုးသမီးတွေရဲ့ ကလေးမွေးနှုန်းဟာ စုစုပေါင်းအမျိုးသမီးတွေရဲ့ ကလေးမွေးနှုန်းနဲ့ ဘာလို့ ကွာလဲဆိုတော့ ကျန်တဲ့ အိမ်ထောင်မကျတဲ့ အမျိုးသမီးရာခိုင်နှုန်းက အလွန်များနေပါတယ်။ အိမ်ထောင် ကျတဲ့အသက်အရွယ်ရဲ့ နောက်ဆုံးအုပ်စု ကလေးမွေးနိုင်တဲ့အသက်အရွယ်ရဲ့ နောက်ဆုံးအုပ်စုလို့ပြောလို့ရတဲ့ ၄၅ ကနေ ၄၉ အထိပေါ့။ အဲဒီအုပ်စုရဲ့ ၁ဝဝ မှာ ၁၄ ယောက်၊ ၁၅ ယောက်က အိမ်ထောင်မပြုကြပါဘူး။ အဲဒါဟာ မွေးနှုန်း ကျဆင်းစေတဲ့ အကြောင်းရင်း တရပ်ပါ။ အဲဒီအတွက် ကျွန်မတို့အနေနဲ့ မိသားစု စီမံကိန်းတွေ လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်မှုတွေ၊ တစ်နှစ်အောက် ကလေးစောင့်ရှောက်မှုတွေ ဒါတွေလုပ်ဖို့ အများကြီး လိုပါတယ်။ အိမ်ထောင် မပြုတဲ့သူတွေ ဘာကြောင့်အိမ်ထောင်မပြုတာလဲဆိုတာကိုရော ဆန်းစစ်လေ့လာ ဖို့လိုပါတယ်။”

ရန်ကုန် သင်္ကန်းကျွန်းက တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်ဝေက “အိမ်ထောင်ရှင် သူငယ်ချင်း တွေရဲ့ ဒုက္ခတွေကို မြင်တဲ့အခါကျတော့ သူတို့တွေ ထိတ်လန့်တယ်၊ ကြောက်ရွံ့တယ်။ အဲ့ဒီလိုနဲ့ သူတို့တွေ အသက်တွေကြီးကြီးလာ ရာထူးတွေလည်း ကြီးကြီးလာတော့ ပြီးတော့ ပညာတွေကလည်း တအားတတ်သွားတဲ့အခါကျတော့ ငါနဲ့တန်တဲ့သူ ဘယ်သူမှ မရှိဘူး အဲ့လို စိတ်မျိုး ဖြစ်သွားတာလည်း ဖြစ်ကောင်းဖြစ်မယ်။”

ပတ်ဝန်းကျင်မှာ အိမ်ထောင်ရေးအဆင်မပြေမှုတွေ မြင်တွေ့ရတာများလို့ အိမ်ထောင်ပြုဖို့ စိတ်ကုန်သွားတာလည်း အကြောင်းတချက်အနေနဲ့ ပါနိုင်တယ်လို့ ဆိုပါတယ်။

သန်းခေါင်စာရင်းဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးကတော့ မွေးဖွားခြင်းပေါ်လစီ၊ ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်သောပေါ်လစီ၊ သေဆုံးခြင်းနှင့်ပတ်သက်သော ပေါ်လစီများကို ပေါင်းကာ လူဦးရေမူဝါဒကို ရေးဆွဲရမယ်လို့ မနေ့က အခန်းအနားမှာ ပြောခဲ့ပါတယ်။

တခါ မြန်မာနိုင်ငံရဲ့ မွေးဖွားနှုန်းအရသာ မွေးနှုန်းကျလာတယ်လို့ ပြောနိုင်ပေမယ့် အာဆီယံ နိုင်ငံများနဲ့ ယှဉ်ရင်တော့ ကျတယ်လို့ မဆိုနိုင်ပါဘူးလို့ သူက ပြောခဲ့ပါတယ်။

“''အမျိုးသမီးတယောက်က ပျမ်းမျှကလေးနှစ်ယောက်ခွဲနှုန်းမွေးနေပါတယ်။ မြန်မာနိုင်ငံက အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အလယ်အလတ်အနေအထား မှာရှိနေတယ်။ လေ့လာချက်တွေ အရ ဆယ်စုနှစ်တစ်စုမှာ ကလေးတယောက်နှုန်း မွေးနှုန်းကျလာတယ်။ အခု လက်ရှိ နှစ်ယောက်ခွဲအထိကျလာတယ်။ အဲဒါဟာ အမျိုးသမီးတစ်ယောက် ကလေးမွေးနှုန်းက အမျိုးသမီးအားလုံးကို အခြေခံ ပြီးတွက်တာပါ။ အိမ်ထောင်ကျဖူးတဲ့ အမျိုးသမီးတွေကို အခြေခံပြီးတွက်တဲ့ အခါမှာတော့ ကလေးမွေးနှုန်းက ငါးယောက်ဖြစ်သွားပါတယ်။ မြို့တော်တော် များများနဲ့ ပညာတတ်အသိုင်းအဝိုင်းတွေမှာ ကလေးမွေးနှုန်း နည်းလာတာတွေ့ရပေမယ့် ကျေးလက်ဒေသတွေမှာတော့ ခြောက်ယောက်၊ ခုနစ်ယောက်ထိမွေးပါတယ်။ ဒါကြောင့် ကလေးမွေးနှုန်းကျတယ်ဆိုတာက ကိုယ့်နိုင်ငံ အနေအထားနဲ့ နှိုင်းယှဉ်ရင်တော့ ကျလာတာ မှန်ပါတယ်။ အာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ ဒီလောက်ကြီးမကျပါဘူး။''

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်း စတဲ့ စာတမ်း ၃စောင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး ကျန် စာတမ်းများကိုလည်း ၂၀၁၇ ခုနှစ်အတွင်း အပြီးသတ် ထုတ်ပြန်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013