DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက်မြန်မာအလုပ်သမားများကို စောင့်ရှောက်ပေးရေး ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး
DVB
·
September 27, 2016
ပြည်ပရောက်မြန်မာအလုပ်သမားများကို စောင့်ရှောက်ပေးရေး ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး
Donate to DVB

ဖမ်းဆီးနှိပ်စက်၊ အနိုင်ကျင့်ခံနေကြရတဲ့ ပြည်ပရောက် မြန်မာအလုပ်သမားတွေကို ကယ်တင်စောင့်ရှောက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ပထမဆုံးအကြိမ် စတင် ဆွေးနွေးနေပါတယ်။

မကွေးတိုင်း စေတုတ္တရာ လွှတ်တော်အမတ် ဦးကျော်အောင်လွင် တင်သွင်းတဲ့ နိုင်ငံတွင်း အလုပ်အကိုင်ရှားပါးပြီး လုပ်ခလစာ နည်းပါးမှုကြောင့် နိုင်ငံရပ်ခြားထွက် အလုပ်လုပ်နေရတဲ့ မြန်မာတွေကို သက်ဆိုင်ရာနိုင်ငံတွေက အလုပ်ရှင်တွေက ဥပဒေမဲ့ခိုင်းစေ၊ အနိုင်ကျင့်စော်ကား၊ ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်တာတွေကို အစိုးရချင်း ချိတ်ဆက်ပြီး အမြန်ဆုံး ထိရောက်စွာ ပံ့ပိုးကယ်တင် စောင့်ရှောက်ပေးဖို့ အစိုးရအား တိုက်တွန်းကြောင်းအဆိုနဲ့ ပတ်သက်လို့ ဆွေးနွေးနေကြတာပါ။

ဒီအဆိုတင်သွင်းရတာနဲ့ပတ်သက်ပြီး ဦးကျော်အောင်လွင်က “ပြည်ပမှာထွက်ပြီးတော့ အလုပ်လုပ်ကြရတဲ့ ကျနော်တို့ မြန်မာတွေပေါ့၊ အဓိကကတော့ ထိုင်း၊ မလေးရှားတို့လို နိုင်ငံတွေမှာ ကျနော်တို့နိုင်ငံသားတွေ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခံရတာတွေ၊ အနိုင်ကျင့်ခံရတာတွေ၊ လူ့အခွင့်အရေး ဆုံရှုံးတာတွေပေါ့နော်။ နောက်တခါ ပိုပြီးတော့ ဆိုးတာက မတရား နှိပ်စက်ညှဉ်းပန်းခံရပြီး အသက်တွေပါ ဆုံးရှုံးတာတွေပေါ့။ ဒါတွေဖြစ်နေတာက နှစ်ပေါင်းများလည်းများနေပါပြီ။ မြောက်များစွာသော ကျနော်တို့ နိုင်ငံသားတွေလည်း အတိဒုက္ခရောက်နေကြပြီ။ အဲဒါကို ကျနော်တို့ အာဏာရှင်အစိုးရ အဆက်ဆက်မှာတော့ လျစ်လျူရှုထားခဲ့ကြတယ်။ ငါနဲ့မဆိုင်သလို နေခဲ့ကြတယ်။ အခု ကျနော်တို့ ပြည်သူတင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရလက်ထက်မှာတော့ ဒီလိုဒုက္ခရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေအရေးကို ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်ကြဖို့ သင့်ပြီဆိုပြီးတော့ ကျနော် ဒီအဆိုကို တင်သွင်းခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အစိုးရသစ်လက်ထက်မှာ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေအတွက် အလုပ်သမားသံအရာရှိ ခန့်အပ်ပြီး အလုပ်သမား ကူညီမှုတွေ လုပ်ဆောင်နေပြီဖြစ်ပေမယ့် ဒီထက် ပိုမိုကြိုးစားအားထုတ် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း အဆိုတင်သွင်းသူ ဦးကျော်အောင်လွင်က တိုက်တွန်းပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး ဒီကနေ့ ဆွေးနွေးသွားသူတွေထဲက မန်တုန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးကတော့ “အစိုးရအနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြဿနာတွေကို မဖြေရှင်းနိုင်သရွေ့ အိမ်နီးချင်းနိုင်ငံတွေကို တရားဝင်နည်းလမ်းနဲ့အတူ တရားမ၀င်တဲ့ နည်းလမ်းနဲ့လည်း ဖြတ်ကျော်ဝင်ရောက် အလုပ်ရှာနေတဲ့ မြန်မာပြည်သူတွေဟာ ဆက်လက်တည်ရှိနေခြင်းနဲ့အတူ လူကုန်ကူးမှုခံနေရမှာ ဖြစ်ပါတယ်” လို့ ထောက်ခံ ဆွေးနွေးပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ဒု-ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြည်ပရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအရေးကို ခုလို လွှတ်တော်မှာ ဆွေးနွေးတဲ့အတွက် ကြိုဆိုတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒီသတင်း စတင်ထွက်ပေါ်တဲ့ အချိန်ကတည်းက ကျနော်တို့ များစွာ လက်ကမ်းကြိုဆိုခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၀ ရာခိုင်နှုန်းလောက်က နိုင်ငံတကာမှာ ရွှေ့ပြောင်းအလုပ်သမားဘ၀တွေနဲ့ အခက်အခဲပေါင်း မြောက်များစွာ လုပ်ကိုင်နေတဲ့အခါမှာ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်လက်ထက်မှာ ကျနော်တို့ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အရေးကို အစိုးရကနေပြီးမှ အခုလို စနစ်တကျ မူဝါဒတွေ ချမှတ်ပြီးမှ ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ပေးခဲ့တာကို မခံစားရတဲ့ အဖြစ်တွေက များခဲ့ပြီ။ အခု ဒီအစိုးရလက်ထက် လွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးပြီး ကျနော်တို့အတွက် ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ပေးမယ်ဆိုတဲ့ဟာကိုတော့ ကျနော်တို့ ပြည်ပရောက် အလုပ်သမားများအားလုံးကိုယ်စား လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံပါတယ်ခင်ဗျာ။”

ဒီအဆိုနဲ့ပတ်သက်ပြီး လွှတ်တော်မှာဆွေးနွေးဖို့ အမည်စာရင်းတင်သွင်းသူ ကိုယ်စားလှယ် ၂၉ ဦးထိ ရှိခဲ့ပေမယ့် လျှော့ချလိုက်တဲ့အတွက် ၁၆ ဦးက ဒီအဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ရှိတာမှာ  ဒီကနေ့မှာတော့ ၁၀ ဦးက ဒီအဆိုကို ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။

မနက်ဖြန်မှာတော့ ကျန်တဲ့ ၆ ဦး ဆက်လက်ဆွေးနွေးဖို့ရှိပြီး ဒီအဆိုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးကာ  လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူဆောင်ရွက်ဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013