
ပြည်တွင်းဆေးဝါးဈေးကွက်ထဲမှာ ဖြန့်ဖြူရောင်းချနေတဲ့ ဘီပီအိုင်စက်ရုံထုတ် ဆေးဝါးအတု တလအတွင်း တန်ဖိုးငွေကျပ် သိန်း ၂၈၀၀၀ ကျော်ဖိုးလောက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ်ဈေးနဲ့ ရွှေပြည့်စုံဈေး အပါအ၀င် ပြည်တွင်းမှာ ရောင်းချနေတဲ့ ဘီပီအိုင် ဆေးဝါးအတုတွေ ဖော်ထုတ်ဖမ်းဆီးရရှိမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ နေပြည်တော် စက်မှုဝန်ကြီးဌာနရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက မီဒီယာတွေကို ပြောကြားခဲ့တာပါ။
အင်းစိန်ဆေးဝါးစက်ရုံ စက်ရုံမှူး ဦးကိုကိုအောင်က "ဆေးအာနိသင်မရှိတာကြောင့် ရောဂါပျောက်ကင်းမှု မရှိတာတွေ၊ အာနိသင်ရှိတော့လည်း GMP လမ်းညွှန်ချက်နဲ့အညီ ပိုးမွှားသန့်စင်ထားတာ မဟုတ်တဲ့အတွက် အဆိပ်အတောက် ဖြစ်စေနိုင်တယ်။ အခြားဆိုးကျိုးတွေလည်း ကြုံတွေ့လာနိုင်တယ်" လို့ ပြောပါတယ်။
ဆေးဝါးတွေကို အတုအပပြုလုပ် ဖြန့်ဖြူးရောင်းချနေတာကို ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်က စပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့က ပူးပေါင်းဖမ်းဆီး အရေးယူမှုတွေ ဆောင်ရွက်ခဲ့တာပါ။
လက်ရှိ စက်မှုဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဆေးဝါးစက်ရုံ(အင်းစိန်) ဘီပီအိုင်စက်ရုံကနေ ဆေးပြား/ဆေးတောင့် ၇၀ မျိုး၊ ဆေးရည် ၂၂ မျိုး၊ လိမ်းဆေး ၁၀ မျိုး၊ ဆေးမှုန့် ၃ မျိုး၊ ထိုးဆေး ၅၀ မျိုး၊ သွေးကြောသွင်းဆေး ၅၀ မျိုး၊ ပဋိဇီဝဆေး ၁၁ မျိုးတို့ကို ထုတ်လုပ်နေတယ်လို့ သိရပါတယ်။











