DVB Logo
Home
မြန်မာသတင်း
မြန်မာလူထုက အာဏာရှင်စနစ်ကို ခွင့်မပြုတော့ဟု အဖွဲ့ချုပ်ကြေညာ
DVB
·
September 27, 2016
မြန်မာလူထုက အာဏာရှင်စနစ်ကို ခွင့်မပြုတော့ဟု အဖွဲ့ချုပ်ကြေညာ
Donate to DVB

လွတ်လပ်မှု၊ ချမ်းသာကြွယ်ဝမှု၊ ဂုဏ်သိက္ခာရှိမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုရှိတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသစ်ကို လက်တွဲညီညီ တည်ဆောက်ကြဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၈ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်နေ့မှာ ထုတ်ပြန်ကြေညာ တိုက်တွန်းထားတာပါ။

“မြန်မာပြည်သူလူထုကြီးဟာ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ အကြောက်တရားနဲ့ သိမ်ငယ်မှုမှ သွေဖည်လျက် လွတ်လပ်မှုအတွက် ရဲရဲဝံ့ဝံ့နဲ့ တစိုက်မတ်မတ် ရုန်းကန်ခဲ့တဲ့ အတွေ့အကြုံတွေက အာဏာရှင်စနစ်အား ခွင့်မပြုတော့ကြောင်းကို ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ အဖြေပေးခဲ့တယ်။ ဒီလူထုအရေးတော်ပုံကြီးအတွင်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သမိုင်းရဲ့ တောင်းဆိုမှုအရ မွေးဖွားပေါ်ပေါက်လာခဲ့တာဖြစ်တယ်” လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အဖွဲ့ချုပ်အနေနဲ့ အနာဂတ်အပေါ် ယုံကြည်ချက်ရှိရှိနဲ့ ပြည်သူလူထုနဲ့အတူ ချီတက်သွားမယ်၊ ကြုံတွေ့မယ့် အခက်အခဲ အကျပ်အတည်းတွေကို အေးဆေးတည်ငြိမ်စွာ ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းသွားမယ်၊ စိန်ခေါ်မှုတွေနဲ့ ဖိအားတွေအပေါ် နားလည်စာနာပေးကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ ပါဝင်ပတ်သက်သူအားလုံးကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ ဥက္ကဋ္ဌ ဦးအောင်ကြီး၊ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့က တာဝန်ယူ စတင်တည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ထိုစဉ်က အောင်၊ စု၊ တင်ပါတီအဖြစ် လူသိများပါတယ်။

ပါတီတည်ထောင်ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ လက်ရှိ ပါတီနာယက ဗိုလ်ချပ်ကြီးဟောင်း သူရဦးတင်ဦးကတော့ အဖွဲ့ချုပ်စတင်တည်ထောင်စဉ်က ရည်မှန်းခဲ့တဲ့ ဒီမိုကရေစီနဲ့ လွပ်လပ်ခွင့်တွေအတွက် ခြေလှမ်းစလှမ်းနိုင်တဲ့ အနေအထား ရှိနေပြီဖြစ်ပေမယ့် အကျပ်အတည်း၊ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ ရှိနေသေးတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဟိုတုန်းက ကျနော်တို့ မျှော်မှန်းခဲ့တဲ့ဟာကတော့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး၊ နောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စသဖြင့် အများကြီးရှိခဲ့တာပေါ့။ အခုကတော့ တဖြည်းဖြည်းနဲ့ ကျနော်တို့ခေါင်းဆောင်ရဲ့ ပင်ပန်းဆင်းရဲပြီးတော့ တကယ့်ကို ကြိုးစားလုံးပန်းမှုနဲ့ မူလရည်မှန်းချက်လေးတွေဟာ တဖြည်းဖြည်းနဲ့ စတင်ပြီး ခြေလှမ်း လှမ်းလာနိုင်တယ်ဆိုတဲ့ အနေအထားတော့ ရှိတာပေါ့။ သို့သော်လည်း အကျပ်အတည်း အခက်အခဲတွေက ရှေ့ကို ကျော်လွှားရမယ့် စိန်ခေါ်မှုတွေလည်း ရှိသေးတယ်။”

အဖွဲ့ချပ်နေနဲ့ တပြည်လုံးက လိုလားတောင့်တနေကြတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက်လည်း အကြမ်းမဖက်တဲ့ ငြိမ်းချမ်းတဲ့နည်းတွေနဲ့ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမယ်၊  ပခုံးပြောင်းတာဝန်ယူရမယ့် အနာဂတ် အန်အယ်လ်ဒီ မျိုးဆက်သစ်တွေ၊ တိုင်းရင်းသားလူငယ်တွေကို အလေးပေးပြီး ပြုစုပျိုးထောင်ပေးနေတယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ ပါတီတည်ထောင်ခြင်း ၂၈ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ကျင်းပပြီး ဒီမိုကရေစီအရေးတော်ပုံမှာ အသက်ပေးသွားခဲ့ကြသူတွေကို သတိရအောက်မေ့ ဂုဏ်ပြုတဲ့အနေနဲ့ တမိနစ် ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။

လက်ရှိ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးရတာဝန်တွေ ထမ်းဆောင်နေတဲ့အတွက် ပါတီရဲ့လုပ်ငန်းတွေမှာ မပါဝင်ရဘူးဆိုတဲ့ ဥပဒေ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ဒီကနေ့အခမ်းနားကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013