DVB Logo
Home
မြန်မာသတင်း
လေးလောင်းပြိုင်လူသတ်မှု တလကျော် ကြာလာသော်လည်း တရားခံမဖော်ထုတ်နိုင်သေး
DVB
·
September 27, 2016
လေးလောင်းပြိုင်လူသတ်မှု တလကျော် ကြာလာသော်လည်း တရားခံမဖော်ထုတ်နိုင်သေး
Donate to DVB

လေးလောင်းပြိုင်လူသတ်မှု တလကျော်ကြာလာပေမယ့် အခုထိ သေချာတဲ့သဲလွန်စ မရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ဩဂုတ် ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှာ မိသားစုလေးဦး တပြိုင်တည်း အသတ်ခံရမှုဟာ အခုဆိုရင် တလကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် တရားခံနဲ့ပတ်သက်ပြီး ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

ဒီအမှုနဲ့ပတ်သက်ပြီး သင်္ကာမကင်းသူ ၆၀ ကျော်ကို ခေါ်ယူစစ်ဆေးပြီး ဖြစ်ပေမယ့်လည်း သေချာတဲ့ သဲလွန်စ ဘာတခုမှ မရသေးပါဘူး။

ကျန်းမာရေး အခြေအနေကြောင့် ဆေးကုသမှု ခံယူနေရတဲ့ သေဆုံးသူ မချယ်ရီပွင့်ရဲ့မိခင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာရင်တော့ အမှုနဲ့ပတ်သက်ပြီး သိသင့်သလောက် သိလာနိုင်မယ်လို့ အမှုအခြေအနေကို သွားရောက်မေးမြန်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီ အတွင်းရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

“သေဆုံးသူရဲ့ ယောက္ခမက သူ့ရဲ့သမက်ရော၊ သမီးရော၊ မြေးတွေရော သေဆုံးသွားတဲ့အခါမှာ ဗမာလိုတော့ သွေးပျက်တယ်ပေါ့ကွယ်။ စိတ်ထဲမှာ ခံစားမှုတွေ များနေပြီးတော့ ရဲစခန်းကမေးလိုက်ရင် လေးငါးခွန်းလောက် ဖြေပြီးတာနဲ့ ငိုတာယိုတာ စိတ်မကောင်းတွေ ဖြစ်နေတဲ့အတွက် အဲဒီအချိန်တုန်းကတော့ သူ့ရဲ့စစ်ချက်ကို ကောင်းကောင်းမယူနိုင်ခဲ့သေးဘူး။ သူ့ကို ဆေးရုံတင်ပြီးတော့ ဆေးကုသမှုတွေ ခံယူရတယ်။ စိတ်ငြိမ်ဆေးတွေ စသဖြင့်ပေါ့လေ။ လိုအပ်တာတွေ လုပ်ကိုင်ဆောင်ရွက်ဖို့ ဆေးရုံတင်ထားရတယ်။ ဆေးရုံကဆင်းလိုက်လို့ သူ့ကို စစ်တဲ့အခါကျရင်လည်း အမှုရဲ့ အနေအထားက သိသင့်သလောက်တော့ သိလာနိုင်လိမ့်မယ်လို့ ယူဆတယ်လို့ အဲဒီမြို့နယ်ရဲတပ်ဖွဲ့မှူးက အဲလောက်ပဲ ပြောတာပေါ့နော်။”

လေးလောင်းပြိုင်အမှု ပေါ်ပေါက်မှသာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်သူတွေကို အသိပေးသွားမယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။

လေးလောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး မသင်္ကာသူ ၃ ဦး ဓာတ်ပုံကို တွေ့ရှိရင် အကြောင်းကြားပေးဖို့အတွက် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပေမယ့်လည်း ဘာမှ ထူးခြားလာခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ်မြဝင်းက “ကာယကံရှင်ပြီးရင် ဒီအမှုကို အပေါ်စေချင်ဆုံးက ရဲတပ်ဖွဲ့ပဲ။ အတတ်နိုင်ဆုံး တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်နေတယ်။ ဒီလိုပဲ ငါးလောင်းပြိုင်မပေါ်ဘူးပြောတယ်၊ ပေါ်အောင်ကြိုးစားနေတယ်။ အမှုမပိတ်သေးဘူး။ ဒါ အတတ်နိုင်ဆုံး သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆောင်ရွက်နေတယ်။ အဘတို့ လောလောဆယ် ဒီလိုပဲ ပြောလို့ရမယ်” လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းက တာဝန်ရှိသူကို မေးမြန်းပေမယ့်လည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲပါလို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013