DVB Logo
Home
မြန်မာသတင်း
တောင်ကုတ် ဘ.ကစာသင်ကျောင်းများ ဆက်လက်ရပ်တည်ရေး အခက်အခဲဖြစ်နေ
DVB
·
September 26, 2016
တောင်ကုတ် ဘ.ကစာသင်ကျောင်းများ ဆက်လက်ရပ်တည်ရေး အခက်အခဲဖြစ်နေ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နဲ့ ရိုးမပေါ်မှာရှိတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်း (ဘ.ကကျောင်း) တွေမှာ ကျောင်သားအရေအတွက် များပြားပြီး ဆရာ/ဆရာမ မလုံလောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။

အစိုးရခွင့်ပြုချက်နဲ့ တရားဝင် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းပေါင်း ၁၂ ခုမှာ မူလတန်းကနေ အလယ်တန်းအထိ ကျောင်းသူ ကျောင်းသား ၅၀၀ ကျော်ကို ဆရာ၊ ဆရာမ ၁၂ ဦးနဲ့ စာသင်ပြနေရတာကြောင့် ဆရာ၊ ဆရာမ လိုအပ်ချက်အခက်အခဲနဲ့ ကြုံနေကြရတာပါ။

စာသင်ပြတဲ့ ကျောင်းဆောင်တွေဟာ ဟောင်းအိုနေပြီး မိုးရွာတဲ့အခါ စာသင်ရတာကို ရပ်နားထားရတယ်လို့ ပရဟိတ ဘ.က စာသင်ကျောင်းမှာ စာပြနေတဲ့ ဆရာမ ဒေါ်ခင်ဇာနွယ်ဦးက ပြောပါတယ်။

"ကျောင်းကလည်း မလုံတဲ့အခါ စာပြရတာလည်း အဆင်မပြေဘူး။ မိုးတွေပတ်ပြီးတော့ ကျောင်းတွေပျက်ရတာလည်း ရှိပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေကများပြီး ဆရာ၊ ဆရာမတွေနည်းပြီး စာသင်ပြရတာ အဆင်မပြေဘူးပေါ့။ တယောက်တည်းနဲ့ အတန်းအများကြီးကို ပြနေရတဲ့အခါကျတော့ အဆင်မပြေဘူးပေါ့။ သွားရေးလာရေး အခက်အခဲရှိပါတယ်။ ရိုးပေါ်ဘက်ပေါ့်လေ။ သူတို့တွေက အဝေးကြီးကနေပြီး လာပြီးပြတာလေ။ မြို့ကနေပြီး ပြတာလည်း ရှိတာပေါ့။ ကိုယ့်ထက်လည်း ပိုပြီး အခက်အခဲရှိသွားတာပေါ့။ လစာကတော့ ၃၀၀၀၀ ၀န်းကျင်လောက် ရပါတယ်။"

စာသင်ကြားနေတဲ့ ကလေးတွေဟာ တောင်ပေါ်ဒေသတွေက ကလေးတွေ အများဆုံးဖြစ်ပြီး သူတို့ရဲ့ နေထိုင်စားသောက်ရေး အကုန်တာဝန်ယူပေးရတယ်လို့ ပရဟိတ (ဘ.က စာသင်ကျောင်း) ဆရာတော် ဦးနိဂါတက ဒီဗွီဘီကို မိန့်ပါတယ်။

“ကိုင်းတံလေးနဲ့ ငါးမျှားနေကြတယ် ကောင်လေးတွေဟာ။ အို...သူတို့လေးတွေဟာ ကျောက်တံလေးတွေကို ကိုင်လိုက်ရင် ဘယ်လောက်ထိများ ၀မ်းသာမလဲဆိုပြီး ရင်ထဲမှာ ပီတိဖြစ်လို့ ပြန်လာပြီးတာနဲ့ ဒီကလေးတွေကိုမြင်ပြီး ၀မ်းနည်းအားကြီးလို့ စာသင်ပေးတယ်၊ အခုအချိန်အထိ။ အခုဆိုရင် ၈ နှစ်ရှိပြီ။"

အခုအချိန်မှာ ဘ.က စာသင်ကျောင်းက ဆရာတော်ရဲ့ ကျန်းမာရေး ချွတ်ယွင်းလာမှုတွေကြောင့် အရင်ကလို ပရဟိတအလှူငွေတွေ ရရှိနိုင်ဖို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းအလှူခံနိုင်တာမရှိလို့ စာသင်ကျောင်းတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေရဲ့ လိုအပ်ချက်တွေနဲ့ ပြည့်နှက်နေတာပါ။

ကျောင်းသူ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေအတွက် ဆရာတော်မှာရှိတဲ့ သင်္ကန်းတွေချရောင်းပြီး ဖြည့်ဆည်းပေးနေရတယ်လို့ ဆရာတော်က မိန့်ပါတယ်။

"ပထမနှစ်မှာ ၂၄၀ ရှိတယ်။ ဒုတိယနှစ်မှာ ၂၄၀။ တတိယနှစ်မှာလည်း ၂၄၀ ရှိတယ်။ ကျန်တဲ့နှစ်မှာတော့ သူ့ဟာနဲ့သူ တိုးသွားတာပေါ့။ ဒီနှစ်ဆိုရင် ၅၀၅ ယောက်ရှိပါတယ်။ တွဲကျောင်းက ၁၂ ရှိပါတယ်။ အဲ့ဒီတွဲကျောင်းတွေကိုလည်း ထောက်ပံ့ပေးရတယ်။ ဦးဇင်းမှာက သင်္ကန်းတွေ စုထားတာလေးတွေ မရှိတော့ဘူး။ အကုန်ထုတ်ရောင်းပြီးတော့ ဒီကျောင်းကျောင်းသူ ကျောင်းသားတွေအတွက် အလုံးစုံဖြည့်ဆည်းပေးနေရတယ်။"

အဲ့ဒီ ဘ.ကကျောင်း ၁၂ ကျောင်းကို လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်က ပျံလွန်တော်မူသွားတဲ့ ကံပိုင်ဆရာတော်ကြီးနဲ့အတူ အခုဆရာတော်က ပူးတွဲ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - ၀ဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013