DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးကော်မရှင်ကို ထိရောက်စွာ အရေးယူရန် လွှတ်တော်ဆုံးဖြတ်
DVB
·
September 26, 2016
လူ့အခွင့်အရေးကော်မရှင်ကို ထိရောက်စွာ အရေးယူရန် လွှတ်တော်ဆုံးဖြတ်
Donate to DVB

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တချို့အား ထိရောက်စွာ အရေးယူပေးဖို့ ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေး မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။

ဒေါပုံအမတ်  ဦးဌေးဝင်းအောင်ခေါ် ဦးပြုံးချို တင်သွင်းတဲ့ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရန် လူ့အခွင့်အရေး ချိုးဖောက်မှုကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုနဲ့ ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ် ၁ ဦး အပါအ၀င် လွှတ်တော်အမတ် ၁၆ ဦးက ဆွေးနွေးခဲ့တာပါ။

ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီးနောက် လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၇၄ မဲ၊ ကန့်ကွက်မဲ ၁ မဲ၊ ကြားနေမဲ ၈ မဲနဲ့ ထောက်ခံသူများတဲ့အတွက် ဒီအရေးကြီးအဆိုကို လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အတည်ပြုလိုက်ပါတယ်။

ဒီအဆိုကို အန်အယ်လ်ဒီအမတ်အများစုက ထောက်ခံဆွေးနွေးခဲ့ကြသလို တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး အောင်ဇင်မင်းကလည်း ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့အညီ ဆောင်ရွက်မှုပိုင်းတွေ အားနည်းနေတယ်လို့ အကြံပြု ဆွေးနွေးသွားပါတယ်။

“ကော်မရှင်မှ အဖွဲ့ဝင်တချို့သည် ဥပဒေကြောင်းအရ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ပြီး ပြစ်မှုကျူးလွန်သူများ သက်သာခွင့်ရအောင် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်သဘော သက်ရောက်ကာ လုပ်ရမယ့် လုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်ခြင်းမပြုဘဲ မိမိတို့ကော်မရှင်၏ ရည်ရွယ်ချက်၊ တာဝန်ဝတ္တရားများအပေါ် ပျက်ကွက်မှုရှိသည့် အခြေအနေမျိုး ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါတယ်။”

ဒီအရေးကြီးအဆိုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက သဘောရိုးနဲ့ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ လွှတ်တော်မှာ ပြန်လည်ရှင်းလင်း ဆွေးနွေးသွားပါတယ်။

“ကျနော်တို့ကော်မရှင်ဟာ တခြားနိုင်ငံများရှိ လူ့အခွင့်အရေးကော်မရှင်များကဲ့သို့ ဥပဒေကြောင်းအရ စည်းနှောင်မှုရှိတဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ တရားစွဲဆို အရေးယူခြင်းတို့ကို ဆောင်ရွက်ပိုင်ခွင့်မရှိဘဲ သက်ဆိုင်ရာဌာနနဲ့ အဖွဲ့အစည်းများက လိုအပ်သလို ဆောင်ရွက်နိုင်ရေးအတွက် အကြံပြု တိုက်တွန်းချက်ကိုသာ ပေးပို့နိုင်ပါတယ်။ ဒါ့ကြောင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ ဖြစ်ရပ်အမှန်ကို လိုအပ်သလို စိစစ်ဖြေရှင်း  ဆောင်ရွက်ပေးနိုင်ပါရန် အကြောင်းကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပထမဦးစွာ ဆောင်ရွက်ချက်မှာ သက်ဆိုင်ရာဌာနက လိုအပ်သလို ဆောင်ရွက်နိုင်ရေးအတွက် အကြောင်းကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ဆောင်ရွက်သည့်အချက်မှာ နစ်နာမှုများအား ကုစားပေးနိုင်ရေးအတွက် သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။”

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင်မိသားစုက အိမ်အကူ အမျိုးသမီးငယ်တွေအပေါ် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့မှုမှာ လူ့အခွင့်အရေးကော်မရှင်က ကြားဝင်ညှိနှိုင်းပြီး ကျေအေးစေခဲ့တဲ့ လုပ်ရပ်အပေါ် အခြေခံပြီး လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် အပါအ၀င် ပြစ်မှုကျူးလွန်သူ ၅ ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူကုန်ကူးဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013