DVB Logo
Home
မြန်မာသတင်း
မန်းစည်ပင်ကော်မတီဝင်ရွေးပွဲ မဲပေးသူနည်း
DVB
·
September 25, 2016
မန်းစည်ပင်ကော်မတီဝင်ရွေးပွဲ မဲပေးသူနည်း
Donate to DVB

 

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီဝင် မဲပေးရွေးချယ်ပွဲကို စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကျင်းပနေပြီး မဲပေးသူဦးရေ နည်းတယ်လို့ မြို့ခံလွှတ်တော်ကိုယ်စားလှယ်နဲ့ စာနယ်ဇင်းသမား တို့က ပြောပါတယ်။

အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည် စတဲ့ မန္တလေးစည်ပင်နယ်မြေ ၆ ခုအတွက် စည်ပင်ကော်မတီဝင် ၆ ယောက် ရွေးချယ်မှာဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်သူက ၃၅ ယောက် ရှိပါတယ်။

ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်မိုးအောင်က သူ့ မြို့နယ်ထဲမှာ နေ့ဝက် ကျိုးချိန်အထိ မဲပေးသူဦးရေ ၅၀ ရာခိုင်နှုန်း မပြည့်ဘူးလို့ ပြောပါတယ်။

“ကျနော့်မြို့နယ်မှာတော့ နေ့လယ် ၁ နာရီ ၁၀ မိနစ်လောက်အထိမှ ၄၉.၇၇ ရာခိုင်နှုန်းပဲ ရှိသေးတယ်။ လာထည့်တဲ့ လူဦးရေက၊ ၀င်ပြိုင်တဲ့ကိုယ်စားလှယ်တွေထဲ အန်အယ်လ်ဒီပါတီက ၈ ယောက်နဲ့ ၁၀ ယောက်ကြားပါတယ်။ ၃ ပုံပုံ ၁ ပုံလောက်ပဲ ပါတာပါ။”

စည်ပင်သာယာဥပဒေအရ တအိမ်ထောင်ကို ၁ ယောက်ပဲ မဲပေးရတာဖြစ်လို့ မဲပေးရာမှာ အခက်အခဲရှိတဲ့အတွက် မဲပေးသူနည်းတာဖြစ်တယ်လို့ မန္တလေး၊ စာနယ်ဇင်းသင်တန်းကျောင်း က ဦးစန်းယုကျော်က ပြောပါတယ်။

“သူက အိမ်ထောင်စုတစုကို တယောက်ပဲ ပေးလို့ရတယ်။ ဥပမာဆိုကြပါစို့ ကျနော့်မိသားစုမှာ ဆိုလို့ရှိရင် ၅ ယောက် ရှိရှိ ၁၀ ယောက်ရှိရှိ အိမ်ထောင်စုဇယားတခုကို တမဲပဲ ပေးလို့ရတယ်။ မဲပေးဖို့အတွက်ကို မဲ စာရွက်တွေ ဝေတယ်။ အိမ်တွေလိုက်ပြီးတော့ ကော်မရှင်ကနေ ဝေရင်းနဲ့ သူက စာရင်းကောက်ယူသွားတယ်။ ကျနော် မရှိဘူးဆိုရင် ကျနော့်အမျိုးသမီးနာမည်နဲ့ စာရင်း ကောက်ယူသွားတယ်။ မဲသွားပေးတဲ့အခါကျတော့ စာရင်းထဲမှာ ပေးလိုက်တဲ့ နာမည်ကပဲ မဲပေးလို့ရတယ်။ သူ မအားလို့ ကျနော် သွားပေးလို့ မရတော့ဘူး။”

မန္တလေးမြို့တော်ဝန်ခေါင်းဆောင်တဲ့ စည်ပင်ရွေးကောက်ပွဲကော်မရှင်က ဦးစီးပြုလုပ်တာဖြစ်ပြီး အသစ်ဖွဲ့မယ့်စည်ပင်ကော်မတီမှာတော့ အစိုးရကခန့်တဲ့ မြို့တော်ဝန် အပါအ၀င် ၁၃ ဦး ပါဝင်မှာ ဖြစ်ပါတယ်။

စည်ပင်ကိုယ်စားလှယ်အဖြစ် ၀င်ရောက် အရွေးခံကြတဲ့သူတွေထဲမှာ ရှေ့နေ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ အုတ်သဲကျောက်ရောင်းဝယ်ရေးလုပ်သူ စသဖြင့် လူထုလူတန်းစားအစုံက ပါဝင်ပါတယ်။

ချမ်းမြသာစည်မြို့နယ် စည်ပင်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ပြိုင်ခဲ့တဲ့ ဦးကျော်ကိုကိုဦးက မဲပေးရွေးချယ်ခံရတဲ့ စည်ပင်ကိုယ်စားလှယ်ကို ဒီညနေကြေညာမှာဖြစ်ပြီး ၇ ရက်အတွင်း ကန့်ကွက်သူမရှိရင် ကိုယ်စားလှယ်အဖြစ် အပြီးသတ်ကြေညာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“စည်းမျဉ်းစည်းကမ်းအရဆိုရင် ညနေ ၄ နာရီကျော်ရင် အနိုင်ရတဲ့သူကို သူတို့ ကြေညာလိုက်မယ်။ ကြေညာလိုက်ပြီးရင် ၇ ရက်အတွင်းမှာ ကန့်ကွက်မှု ရှိ မရှိပေါ့။ မရှိဘူးဆိုရင် အဲ့ဒီတော့ တရားဝင်ထပ်ပြီး ကြေညာရမယ်။”

မန္တလေးစည်ပင်သာယာရေးကော်မတီဝင်ကို မြို့လူထုက ပထမဆုံးအကြိမ် မဲပေးရွေးချယ်ရ တာဖြစ်လို့ မြို့လူထုအတွက် အခွင့်ကောင်းဖြစ်ပေမယ့် စည်ပင်ဥပဒေမှာ အားနည်းချက်တွေ ရှိနေသေးတဲ့အတွက် ပြင်ဆင်စရာတွေ ရှိသေးတယ်လို့ ဝေဖန်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013