DVB Logo
Home
မြန်မာသတင်း
သက်ကြီးရွယ်အိုများ စောင့်ရှောက်ရန် အရေးကြီးလုပ်ငန်းအဖြစ် စတင်ရန်လို
DVB
·
September 25, 2016
သက်ကြီးရွယ်အိုများ စောင့်ရှောက်ရန် အရေးကြီးလုပ်ငန်းအဖြစ် စတင်ရန်လို
Donate to DVB

မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့ အရေးတကြီးလုပ်ငန်းအနေနဲ့ စတင်ဖို့ လိုအပ်နေပါတယ်။

သက်ကြီးရွယ်အိုတွေ စွန့်ပစ်ခံရတာ များလာနေသလို အစိုးရပိုင်းကရော၊ ပရဟိတလုပ်ကိုင်နေ သူတွေကပါ စောင့်ရှောက်ဖို့ အနိုင်မနင်း ဖြစ်နေတာပါ။

ငွေကြေးတတ်နိုင်တဲ့ သက်ကြီးရွယ်အိုတွေမှာလည်း အထီးကျန်တာကို ကြုံတွေ့နေရတာပါ။

“ဘယ်ဘိုးဘွားက ဘယ်လောက်ထိ အခက်အခဲ ဖြစ်နေပြီဆိုတဲ့ အချက်အလက်တွေကတော့ သေသေချာချာ ကောက်ယူမှရနိုင်မှာဖြစ်တဲ့အတွက် လက်ရှိမှာ ခြုံပြောရရင်တော့ ဘိုးဘွားတိုင်း မှာ အထီးကျန်မှုကို ကြုံရတာ တွေ့ရပါတယ်” လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ တာဝန်ခံ ဒေါက်တာကေသီကျော်က ပြောပါတယ်။

ငွေကြေးတတ်နိုင်သူတွေရော၊ မတတ်နိုင်သူ သားသမီးတွေဟာ စီးပွားရှာဖွေတာမှာ အချိန်ပေး နေရလို့ မိဘတွေကို ဂရုမစိုက်နိုင်တာတွေ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

သက်ကြီးဆိုင်ရာ ဥပဒေတစ်ခုကို လက်ရှိ လွှတ်တော်က ရေးဆွဲနေပါတယ်။ ဒါပေမယ့် အစိုးရ အနေနဲ့ လတ်တလောမှာပဲ ရှိတဲ့ဘတ်ဂျက်နဲ့ပဲ အရေးကြီး အလုပ်အဖြစ် သတ်မှတ်ဖို့လိုတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်း အရာရှိတယောက်က ပြောပါတယ်။

“သက်ကြီးရွယ်အိုတွေဟာ လက်ရှိ အလုပ်လုပ်ကိုင်နေတာကို ကျွန်မတို့ တွေ့ရတယ်။ ၃ ယောက်မှာ တစ်ယောက် လုပ်နေရတယ်။ အသက် ၆၅ နှစ်နဲ့ အထက်ဆိုရင် ၅ ယောက်မှာ တစ်ယောက် လုပ်ကိုင်နေရတယ်။ သူတို့ အလုပ်လုပ်ကိုင်နေတဲ့ ကဏ္ဍကို သေသေချာချာ ကြည့်ပြီး အဲဒီကဏ္ဍကို ဘယ်လို့ ကူနိုင်မလဲဆိုတာ ဦးစားပေးလုပ်ကိုင်ရမယ်”လို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ရဲ့ အကြီးတန်းအရာရှိ ဒေါ်ခင်ဇာနိုင်က ပြောပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအချက်အလက်ကိုပဲ ဖြစ်ဖြစ်၊ လူမှုဝန်ထမ်းရဲ့ အချက်အလက်ကိုပဲ ဖြစ်ဖြစ် ကိုးကားပြီး အရေးကြီးတဲ့ ဒေသနဲ့ လုပ်ဆောင်ပေးရမယ့် ကဏ္ဍတွေကို ဆုံးဖြတ်လို့ ရတယ်လို့ သူက ဆိုပါတယ်။ ပြီးတော့ “ဥပဒေအရ ထည့်သွင်းစဉ်းစားမှုလည်း အားနည်းတယ်။ လက်တွေ့ လုပ်ဆောင်မှုကလည်း အများကြီး လိုအပ်တာတွေ့ရတယ်” လို့လည်း သူက ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ အစိုးရက ဖွင့်လှစ်ထားတဲ့ ဘိုးဘွားရိပ်သာ ၇၀ ကျော်ရှိတာပါ။ သက်ကြီး ရွယ်အိုတွေနဲ့ ပတ်သက်ပြီး ကူညီနေတဲ့ အဖွဲ့အစည်းတွေရှိပေမယ့် အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတာပါ။

ခိုလှုံရာပရဟိအဖွဲ့တည်ထောင်သူ ဒေါ်သင်းရွှေစင်လှိုင်က “အဓိက ကတော့ ကျန်းမာရေး စောင့်ရှောက် ပေးရတာနဲ့ နေရာ အခက်အခဲပါ။ အစိုးရရဲ့ ဘိုးဘွားရိပ်သာတွေ တစ်နိုင်ငံလုံးမှာ ရှိပေမယ့် သတ်မှတ်ချက် မကိုက်လို့ လျှံထွက်လာတဲ့ ဘိုးဘွားတွေ အများကြီး ရှိတယ်။ လက်ခံချင်ပေမယ့် နေရာ အခက်အခဲကြောင့် အဆင်မပြေဘူး” လို့ ပြောပါတယ်။

စွန့်ပစ်ခံ သက်ကြီးရွယ်အိုတွေ ရှိနေသလို အဓမ္မ တောင်းရမ်းဖို့ ခိုင်းစေခံနေရတာတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အို ၃ သန်းနီးပါးရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013