DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးနေချိန် တိုက်ပွဲဖြစ်လို့ စိတ်ခံစားမှုမကောင်းဟု တပ်ဖွဲ့တို့ ပြော
DVB
·
September 25, 2016
ငြိမ်းချမ်းရေးဆွေးနွေးနေချိန် တိုက်ပွဲဖြစ်လို့ စိတ်ခံစားမှုမကောင်းဟု တပ်ဖွဲ့တို့ ပြော
1 / 9
Donate to DVB

 

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ နှစ်ဘက် ဖောင်ဖွဲ့ပြီး ရီမောပြောဆို လက်ဆွဲနှုတ်ဆက်နေ ကြချိန် တချိန်ထဲမှာပဲ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပေါ် စိတ်ခံစားမှု မကောင်းဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၊ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပြောလိုက်ပါတယ်။

ဦးအောင်ကြည် ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွတ်သောတိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင်စီရဲ့ ခူးဦးရယ်ခေါင်းဆောင်တဲ့ နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ ဒီပီအန်တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီနေ့ တွေ့ဆုံစဉ် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“ကျနော်တို့က စားပွဲဝိုင်းမှာ အတူတကွ ပြုံးကြရယ်ကြ လက်ဆွဲနှုတ်ဆက်ကြပြီးတော့ ငြိမ်းချမ်းရေးစကားကို တသီကြီး ဖောင်ဖွဲ့ပြီး စကားပြောကြတယ်။ ဆိုကြတယ်၊ ညှိကြတယ်၊ နှိုင်းကြတယ်။ တချိန်ထဲမှာမြို့တွေနဲ့ အလှမ်းဝေးတဲ့ နေရာဒေသတွေမှာ တိုက်ပွဲတွေ ဆူဆူညံညံ ဖြစ်နေတယ်။ လူထုတွေ ပြေးနေလွှားနေတယ်။ အော်နေ ဟစ်နေတယ်၊ ငိုကြွေးနေတယ်။ ငတ်ပြတ်နေတယ်၊ ဒီဟာက အခု သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဘယ်လိုများ သဟဇာတ ဖြစ်တယ် မဖြစ်ဘူးဆိုတာကို ကျနော်တို့ အဖြေရှာဖို့ စဉ်းစားဖို့ လိုလေမလား။”

အစိုးရငြိမ်းချမ်းရေးကော်မရှင်အကြံပေးပုဂ္ဂိုလ် ဦးအောင်ကြည်ကတော့ ငြိမ်းချမ်းရေးခရီးက ဝေးပေမယ့် ရရမယ်ဆိုတဲ့ သံန္နိဌာန်ချပြီးလုပ်ရင် ရနိုင်ပါတယ်လို့ ဆွေးနွေးပွဲအဖွင့်မှာ ပြောပါတယ်။

“ကျနော်တို့ သွားရမယ့် ငြိမ်းချမ်းရေးလမ်းစဉ်က ခရီးစဉ်က တော်တော်လေး ရှည်လျား ပါတယ်။ တော်တော်ကြီးကို ကျနော်တို့ ကြိုးကြိုးစားစားနဲ့ ဆက်လုပ်သွားရမယ့် အလုပ်တွေ အများကြီးရှိပါတယ်။ ခရီးလမ်းဟာ ဝေးပင်ဝေးငြားသော်လည်းပဲ မဖြစ်မနေလုပ်မယ်ဆိုတဲ့ သံန္နိဌာန်စိတ်ရှိရင် မဖြစ်နိုင်စရာအကြောင်း မရှိပါဘူး။”
ငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ရဲ့ ဒီပီအန်အဖွဲ့တို့ ချင်းမိုင်မှာ တွေ့ဆုံမှုဟာ ပထမအကြိမ်ဖြစ်ပါတယ်။

အစိုးရဘက်က နိုင်ငံရေးဆွေးနွေးပွဲတွေကို နိုဝင်ဘာလဆန်း၊ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလတို့မှာ ကျင်းပပြုလုပ်ဖို့ ရည်မှန်းထားပြီး ဒီကြားထဲ အပစ်ရပ်စာချုပ် အန်စီအေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုး ကြရေး အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013