DVB Logo
Home
မြန်မာသတင်း
ဘားမားဟု ပြန်ခေါ်ရန် အာဏာသုံးပြီး လုပ်မည်မဟုတ်ဟု ဒေါ်စု ပြော
DVB
·
September 24, 2016
ဘားမားဟု ပြန်ခေါ်ရန် အာဏာသုံးပြီး လုပ်မည်မဟုတ်ဟု ဒေါ်စု ပြော
Donate to DVB

မြန်မာဆိုတာကို မသုံးဘဲ ဘားမားလို့ ပြန်ခေါ်ရမယ်လို့ အာဏာကိုသုံးပြီး လုပ်မှာ မဟုတ်တဲ့ အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ်မှာ ပြောခဲ့တာဖြစ်ပြီး အာဏာရလာတာနဲ့ ကိုယ့်အလိုကို အာဏာသုံးပြီး လုပ်ခိုင်းတယ်ဆိုတဲ့ ၀ဲဂယက်ထဲကို မကျချင်လို့အဲ့ဒီလို မလုပ်တာလို့ သူက ပြောပါတယ်။

"အခုအချိန်မှာ ကျမတို့အနေနဲ့ မြန်မာဆိုတာကို မသုံးတော့ဘဲ Burma လို့ ပြန်ခေါ်ရမယ်ဆိုပြီး တရားဝင်သတ်မှတ်လိုက်လို့ ရပေမယ့် အဲတာမျိုး ကျမတို့လုပ်မှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ အာဏာရလာတာနဲ့ ကိုယ့်အလိုကို အာဏာသုံးပြီး လုပ်ခိုင်းတယ်ဆိုတဲ့ ၀ဲဂယက်ထဲကို မကျချင်လို့ပါဘဲ။ သူများကို အမိန့်ပေးလို့ရတဲ့နေရာကို ရောက်လာရင် အာဏာကို အလွဲသုံးစား မလုပ်မိဖို့က သိပ်အရေးကြီးပါတယ်။ ဒါက အမျိုးသားရင်ကြားစေ့ရေးအတွက် အခြေခံပါပဲ။ ကျမတို့လိုချင်တာက အာဏာနဲ့လွှမ်းမိုးထိန်းချုပ်မှု မဟုတ်ပါဘူး၊ သင့်မြတ်ရင်ကြားစေ့ရေးပါ။ ဒါကြောင့်ပဲ မြန်မာဆိုတာ ကျမတို့နိုင်ငံရဲ့ တရားဝင်နာမည်အဖြစ် နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ သုံးဖို့ ကျမတို့အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။"

ဒါ့အပြင် မြန်မာ ဆိုတဲ့စကားကို သူ မကြိုက်ဘူးလို့ အခုလို ပြောခဲ့ပါသေးတယ်။

"မြန်မာလို့ ကမ္ဘာ့အလယ်မှာ နာမည်တွင်သွားရတဲ့ အကြောင်းကတော့ Burma ဆိုတာ ဗြိတိန်ကိုလိုနီအစိုးရရဲ့ ထွင်လုံးတခုလို့ စစ်အစိုးရက သတ်မှတ်လိုက်လို့ပါပဲ။ Burma ဆိုတာကို မသုံးသင့်ဘူးဆိုပြီး မြန်မာလို့ ခေါ်ခိုင်းခဲ့တယ်။ မြန်မာဆိုတာ ကျမတို့နိုင်ငံထဲက တိုင်းရင်းသားအားလုံးကို ရည်ညွှန်းပြီး၊ Burma ဆိုတာက ဗမာတိုင်းရင်းသားတွေကိုပဲ ရည်ညွှန်းတယ်လို့လည်း စစ်အစိုးရက ရှင်းချက်ထုတ်ခဲ့ပါတယ်။ ဒါက တကယ်တော့ မမှန်ပါဘူး။ ဘာလို့ဆိုတော့ ဗမာဆိုတာကို စာသံပေသံအသုံးတွေမှာ မြန်မာလို့ ရေးလေ့ရှိပါတယ်။ ဗမာဆိုတာကလည်း တကယ်တော့ တိုင်းရင်းသား တမျိုးပါဘဲ။ ဒါကြောင့် ကျမကတော့ နိုင်ငံတကာအလယ်မှာ ပြောရဆိုရရင် မြန်မာဆိုတဲ့စကားကို သိပ်ပြီး မကြိုက်လှပါဘူး။ "

ကိုယ့်နိုင်ငံကို ဘယ်လိုခေါ်ရမလည်းဆိုတာကအစ ပြဿနာ တခု ဖြစ်နေတယ်လို့လည်း ပြောခဲ့ပါသေးတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ရှိ ဟားဗတ်တက္ကသိုလ်၊ ဟားဗတ်ဖောင်ဒေးရှင်းက ချီးမြှင့်တဲ့  ၂၀၁၆ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာဆုကို စက်တင်ဘာ ၁၇ရက် ညနေပိုင်းက လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013