DVB Logo
Home
မြန်မာသတင်း
ကချင်နှင့် ရခိုင်က စစ်ဘေးရှောင် ကလေး ၄၀၀၀ ခန့်ကို ကျွမ်းကျင်သင်တန်းပေးမည်
DVB
·
September 24, 2016
ကချင်နှင့် ရခိုင်က စစ်ဘေးရှောင် ကလေး ၄၀၀၀ ခန့်ကို ကျွမ်းကျင်သင်တန်းပေးမည်
Donate to DVB

ကချင်နဲ့ ရခိုင်ပြည်နယ်တို့က စစ်ဘေးရှောင် ကလေးသူငယ် ၄၀၀၀ ခန့်ကို ဘ၀တွက်တာ ကျွမ်းကျင်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် စတင်အကူအညီပေးနိုင်တော့မယ်လို့ ယူနီဆက်ဖ်မြန်မာက ကြေညာလိုက်ပါတယ်။

ကလေးသူငယ်များနဲ့ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများမှာ ဖြည့်ဆည်း ပံ့ပိုးပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းကို ထည့်ဝင်ထောက်ပံ့လိုက်တဲ့အတွက် အခုလို စတင်နိုင်မှာဖြစ်တယ်လို့ အဖွဲ့က စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဂျပန်နဲ့ ယူနီဆက်ဖ်မြန်မာတို့ မိတ်ဖက်အဖြစ် ပူးပေါင်းလုပ်ဆောင်မယ့် အစီအစဉ်မှာ လူမှုရေးရာဝန်ထမ်း ၂၀၀ ကို စွမ်းရည်မြှင့်တင်ပေးမယ့်လုပ်ငန်းလည်း ပါဝင်ပြီး တနှစ်စာ လုပ်ငန်းအစီအစဉ်လည်း ဖြစ်ပါတယ်။

ဒီလုပ်ငန်းအစီအစဉ်တွေဟာ ကလေးသူငယ် တသန်းကျော်အတွက် လူမှုဝန်ဆောင်မှု လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးဆီကို ဦးတည်သွားစေမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တရားလွှတ်တော်ချုပ်တို့ရဲ့ သင်ရိုးညွှန်းတမ်းများမှာ  ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ခြင်းနဲ့ အကြမ်းဖက်မှုဆိုင်ရာ သင်ခန်းစာ အသစ်တခုကို ထည့်သွင်းသွားမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

အဲဒီအတွက် တရားဥပဒေပိုင်းဆိုင်ရာ အတတ်ပညာရှင် ၁၀၀၀၀ အကျိုးကျေးဇူး ရရှိခံစားကြရမှာလည်း ဖြစ်တယ်လို့ ယူနီဆက်ဖ်သတင်းက ဆိုပါတယ်။

ယူနီဆက်ဖ်မြန်မာရဲ့ ဌာနေကိုယ်စားလှယ် ဘတ်ထရန်ဘိန်းဗဲလ်က “ဂျပန်အစိုးရအနေနဲ့ ဒီလို ထောက်ပံ့ခြင်းဟာ ထောင်ပေါင်းများစွာသော ကလေးသူငယ်တွေရဲ့ ဘ၀တွေကို ပြောင်းလဲပေးနိုင်မှာဖြစ်ပြီး အမျိုးသမီးငယ်လေးတွေကိုလည်း အန္တရာယ် အခက်အခဲတွေနဲ့ ပဋိပက္ခဒဏ်ခံနေရတဲ့ နေရာတွေမှာလည်း မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်နိုင်စေဖို့ လုပ်ပိုင်ခွင့်တွေ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်အနေနဲ့ အစိုးရ၊ လူမှုရေးအဖွဲ့တို့နဲ့ ပူးပေါင်းပြီး ကလေးသေဆုံးမှုနှုန်း လျှော့ချရေး၊ ကလေးများ အရည်အသွေးပြည့်ဝတဲ့ ပညာသင်ကြားနိုင်ရေးနဲ့ ကလေးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေး စတဲ့လုပ်ငန်းများကို လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013