DVB Logo
Home
မြန်မာသတင်း
မောင်တောခရိုင်ရှိ ကျူးကျော်အဆောက်အအုံများကို အရေးယူမည်
DVB
·
September 23, 2016
မောင်တောခရိုင်ရှိ  ကျူးကျော်အဆောက်အအုံများကို အရေးယူမည်
Donate to DVB

မောင်တောခရိုင်ထဲမှာ ကျူးကျော်အဆောက်အအုံတွေကို အရေးယူမယ့် သတင်းတွေ ထွက်ပေါ်နေပြီး ဘယ်အချိန်မှာ စပြီးဖယ်ရှားမယ်ဆိုတာ မသေချာသေးပေမယ့် ဒေသခံတွေကတော့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

မောင်တောခရိုင်ထဲမှာ တရားမဝင် ဆောက်လုပ်ထားတဲ့ ဗလီ၊ ဘာသာရေး စာသင်ကျောင်းတွေ အပါအဝင် ကျူးကျော်အဆောက်အအုံတွေကို အရေးယူမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ရခိုင်ဂေဇက်သတင်းစာမျက်နှာမှာ စက်တင်ဘာလ ၁၉ ရက်နေ့က ဖော်ပြခဲ့တဲ့နောက် မူဆလင်ဒေသခံတွေက စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပြောကြပါတယ်။

ဘူးသီးတောင်  မြန်မာမူဆလင်လူငယ်များ(ဘာသာရေး)အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်လေးက “ဒီဒေသမှာ အစ္စလာမ်ဘာသာနဲ့ ပတ်သက်တဲ့ အဆောက်အအုံပေါ့။ ဗလီ၊ အာရဗီကျောင်းတို့ပေါ့။ အဲ့ဒါတွေနဲ့ ပတ်သက်လာရင် ဒီကြားမှာပေါ့။ နဝတ၊ နအဖ၊ ဒီအစိုးရလက်ထက်မှာ သိပ်ထူးထူးခြားခြား စာရွက်စာတမ်းတို့၊ သာသနာရေးဝန်ကြီးတို့ဆီက ထုတ်ပေးထားတာ မရှိပါဘူး။ ဒီဒေသမှာရှိတဲ့ အာဏာပိုင်တွေရဲ့ နားလည်မှု သို့တည်းမဟုတ် ခွင်ြ့ပုချက်လိုလိုပေါ့။ ခွင့်ပြုမိန့်  အဲ့လိုအမိန့်စာတော့ ရှိနိုင်ပါတယ်။ ဒါကို ဖျက်မယ်ဆိုရင် ဟိုအစိုးရက လုပ်ပေးထားတဲ့ဟာကို ဖျက်မယ်ဆိုတော့ ဒါလည်း သိပ်သဘာဝမကျဘူးလို့ အဲ့လို ထင်ပါတယ်” လို့ ပြောပါတယ်။

အခု အရေးယူမယ်ဆိုတဲ့ ကျူးကျော်အဆောက်အအုံတွေဟာ ကျေးရွာတွေထဲမှာ ကျူးကျော် ဆောက်လုပ်တဲ့ လူနေဆိုင်ခန်းတွေ၊ သစ်တောမြေနဲ့ လယ်ယာမြေ၊ စားကျက်မြေပေါ်မှာ အလုပ်လုပ်ရင်းနေဖို့ ဆောက်လုပ်ထားတဲ့ နေအိမ်တွေနဲ့ စည်ပင်သာယာရဲ့ စည်းမျဉ်း စည်းကမ်းနဲ့ မညီဘဲနဲ့ ဆောက်လုပ်ထားတဲ့ ဈေးဆိုင်ခန်းတွေ ပါတယ်လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဆိုပါတယ်။ ထုတ်ပြန်မယ့် အမိန့်မူကြမ်းတွေကို သစ်တော၊ ထွေအုပ်၊ စည်ပင် စတဲ့ သက်ဆိုင်တဲ့ဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ရေးဆွဲပြီးဖြစ်ပေမယ့် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်မရသေးဘူး လို့လည်း ပြောပါတယ်။

“ကက်ဘိနက်မှာ သက်ဆိုင်ရာ ဝန်ကြီးတွေ ပါပါတယ်။ ဥပဒေချုပ်ကြီးလည်း ပါပါတယ်။ ဥပဒေနဲ့အညီ ဖြစ်နိုင်ဖို့ အမိန့်တွေကို ပြန်လည်တည်းဖြတ်ပြီးတော့မှ ခွင့်ပြုချက်ရယူရဦးမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်ရမှ ဒီအမိန့်တွေကို Declare လုပ်ပါမယ်။ ထုတ်ပြန်ပေးရပါမယ်။ ထုတ်ပြန်တဲ့အခါလည်း သတ်မှတ် စည်းမျဉ်း စည်းကမ်းနဲ့အညီ ဆယ့်ငါးရက် တကြိမ်၊ အဆင့်လိုက် အဆင့်လိုက် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်” လို့လည်း ဗိုလ်မှူးကြီးထိန်လင်းက ပြောပါတယ်။

ဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ တရားဝင်အဆောက်အအုံ ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာ အငြင်းပွားစရာတွေ ရှိနေပြီး ဥပဒေအရ စီမံခန့်ခွဲတတ်ဖို့ လိုအပ်တယ်လို့ ထောက်ပြတာတွေလည်း ရှိနေတာပါ။

မောင်တောမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက “လက်ရှိအခြေအနေအရ ဒါတွေကို ပထမဆုံးအနေနဲ့ နမူနာပေါ့။ ဒါကို အစိုးရ ဘယ်လို ကိုင်တွယ်မလဲ။ ဘယ်နည်းနဲ့ ဘယ်လို ဖြေရှင်းမလဲဆိုတာကို ပထမနမူနာအနေနဲ့ပဲ ထင်တယ်။  ဒါတွေအပေါ် မူတည်ပြီးတော့မှာ တရားဝင်တယ်၊ တရားမဝင်တယ် ဆိုတာ ပေါ်လာမှာပဲ။ ဒါတွေပေါ်လာမှပဲ တရားဥပဒေအရ၊ လုပ်ထုံးလုပ်နည်းအရ လုပ်ရမှာပဲ” လို့ ပြောပါတယ်။

မောင်တောခရိုင်ထဲမှာ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုနယ်မြေအတွင်းက ကျေးရွာတွေမှာ ၂ဝ၁၅-၂ဝ၁၆ အတွင်း စစ်ဆေးခဲ့တဲ့ အဆောက်အအုံစာရင်း ကွာခြားချက်အရ ကျူးကျော်အဖြစ် သတ်မှတ် အရေးယူမှာဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အာဘော် ရခိုင်ဂေဇက်မှာတော့ ဖယ်ရှားမယ့် ဗလီ ၁၂ လုံး၊ အာရဗီ ဘာသာရေးစာသင်ကျောင်း ၂၄ ကျောင်း၊ ဈေးဆိုင်နဲ့ လူနေအိမ်တွေ အပါအဝင် အဆောက်အအုံ လေးထောင်ကျော် ပါတယ်လို့ ဖော်ပြထားပါတယ်။

သတင်း-ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013