DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့တွင် ရုတ်တရက်ရေကြီး၊ နေအိမ် ၅၀၀ နီးပါး ရေနစ်မြှုပ်
DVB
·
September 23, 2016
တောင်တွင်းကြီးမြို့တွင် ရုတ်တရက်ရေကြီး၊ နေအိမ် ၅၀၀ နီးပါး ရေနစ်မြှုပ်
1 / 9
Donate to DVB

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ရှိ ရပ်ကွက်မြေနိမ့်ပိုင်းတချို့မှာ စက်တင်ဘာ ၂၂ ရက် ည ၁၁ နာရီခွဲလောက်မှစတင်ပြီး စတုတ္ထအကြိမ် ရေကြီးရေလျှံတာ ဖြစ်ပွားနေပါတယ်။

မြို့ရဲ့ အရှေ့ဘက်ရှိ အလယ်ရိုးမ၀န်းကျင်မှာ မိုးများအဆက်မပြတ် ရွာသွန်းတာကြောင့် စက်စက်ယိုတောင်ကျချောင်းရေမှ ရေတွေစီးဝင်လာတာ၊ ကန်တော်ကြီးကန်မှာ လှောင်ရေ ၁၂ ပေခွဲလောက်ရှိနေတဲ့အတွက် ရေပိုလွှဲကနေ ထုတ်လွှတ်တဲ့ ရေတွေ စီးဆင်းလာတာ၊ မြို့လယ် ချောင်းမကြီး တိမ်ကောနေတဲ့အတွက် နှစ်စဉ် ရေကြီးရေလျှံမှုဒဏ်ခံစားနေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ရေကြီးလျှံမှု ဖြစ်ပေါ်တဲ့အတွက် တောင်ပြင် ၁ ရပ်ကွက် မြေနိမ့်ပိုင်းရှိ နေအိမ် ၉၀ ၊ တောင်ပြင် ၂ ရပ်ကွက် မြေနိမ့်ပိုင်းရှိ နေအိမ် ၃၀၀၊ အုန်းတော ၁ ရပ်ကွက် မြေနိမ့်ပိုင်းရှိ နေအိမ် ၈၀ နဲ့ အုန်းတော ၂ ရပ်ကွက် မြေနိမ့်ပိုင်းရှိ နေအိမ် ၂၀ လုံး စုစုပေါင်း လူနေအိမ် ၄၉၀ လောက် ရေအနက် ၁ ပေကနေ ၄ ပေလောက်အထိ ရေလွှမ်းမိုးမှုဒဏ် ခံစားနေရပါတယ်။

ရန်ကုန်-ပြည် ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၇၉/၃ နဲ့ ၂၇၉/၄ ကြား ကားလမ်းမကြီးပေါ်မှာ အရှည် ၁၄၀ ပေ နဲ့ အနက် ၉ လက်မလောက် ရေကျော်မှုဖြစ်ပွားကာ ယာဉ်ကျောပိတ်ဆို့တာတွေ မဖြစ်ပေါ်ရေး သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်။

ရေကြီးမှုကြောင့် အိမ်မွေးတိရစ္ဆာန်တွေ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက္ကား၊ မြင်းလှည်းယာဉ်တွေကို ရေလွတ်ရာ ကုန်းမြင့်နေရာတွေမှာ ရွှေ့ပြောင်းထားရပါတယ်။

အခု ရေကြီးဟာ စံချိန်သစ်ဖြစ်ပြီး အရင် ခံစားခဲ့ရတဲ့ ရေကြီးတာတွေက ရေအနက် ၁ ပေလောက်ကနေ ၃ ပေလောက်အထိသာ ၀င်ရောက်ခဲ့တာပါ။

အဆိုပါ ရေဘေးသင့်ပြည်သူတွေဟာ နှစ်စဉ် ရေကြီးရေလျှံမှုဒဏ်ခံစားနေကြရပြီး ထိုကဲ့သို့ ရေလွှမ်းမိုးမှုကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါကဲ့သို့ ကူးစက်ရောဂါများ မဖြစ်ပွားစေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆောင်ရွက်သွားဖို့ လိုအပ်နေပါတယ်။

သတင်း၊ ဓာတ်ပုံ - ဗိုလ်ပြည့် ( တောင်တွင်းကြီး )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013