DVB Logo
Home
မြန်မာသတင်း
ရင်းနှီးမြှုပ်နှံသူများကို ၃ နှစ်မှ ၇ နှစ်ထိ ၀င်ငွေခွန်ကင်းလွတ်ခွင့်ပေးမည်
DVB
·
September 22, 2016
ရင်းနှီးမြှုပ်နှံသူများကို ၃ နှစ်မှ ၇ နှစ်ထိ ၀င်ငွေခွန်ကင်းလွတ်ခွင့်ပေးမည်
Donate to DVB

မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမယ့် ပြည်တွင်းပြည်ပ စီးပွားရေးသမားတွေကို မက်လုံးပေးတဲ့ အနေနဲ့ ဇုန်အလိုက်သတ်မှတ်ပြီး ၃ နှစ်မှ ၇ နှစ်ထိ ၀င်ငွေခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ လွှတ်တော်မှာ တင်သွင်းထားတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းမှာဖော်ပြပါတယ်။

ဇုန် ၁ အဖြစ်သတ်မှတ်ထားတဲ့ ဖွံ့ဖြိုးမှုနိမ့်ပြည်နယ်နဲ့တိုင်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေကို စီးပွားဖြစ်စတင်တဲ့နှစ်ကနေ တဆက်ထည်း ၇ နှစ်ထိ ၀င်ငွေခွန်ကင်းလွတ်ခွင့်ပေးမှာဖြစ်ပြီး၊ ဇုန် ၂သတ်မှတ်ထားတဲ့ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိ ပြည်နယ်နဲ့တိုင်းတွေမှာ ၅ နှစ်နဲ့ ဇုန် ၃ သတ်မှတ်ထားတဲ့ ဖွံ့ဖြိုးမှုရှိ ပြည်နယ်တိုင်းတွေမှာတော့ ၃ နှစ်ထိ ၀င်ငွေခွန်ကင်းလွတ်ခွင့်ပြုမယ် လို့ ပြဌာန်းထားပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အစိုးရထံကဖြစ်စေ၊ ပုဂ္ဂလိကထံကဖြစ်စေ ကနဦး နှစ် ၅၀ ထိ မြေနဲ့ အဆောက်အအုံတွေနှစ်ရှည် ငှားရမ်းနိုင်ပြီး သက်တမ်းတိုးခွင့် ၁၀ နှစ်နှစ်ခါ ခွင့်ပြုပေး ထားပါတယ်။
မြန်မာနိုင်ငံမှာအရင်က မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေအတွက် ဥပဒေတခုနဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံတွေအတွက် ဥပဒေတခုခွဲပြီး ရေးဆွဲပြဌာန်းထားရာကနေ ခုဥပဒေမူကြမ်းမှာတော့ ပြည်တွင်းရော ပြည်ပရင်းနှီးမြှုပ်နှံသူတွေအတွက်ပါ အကြုံးဝင်အောင် နှစ်ခုပေါင်းပြီး ရေးဆွဲ ထားတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီဥပဒေသစ်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေတိုးလာအောင် ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် ခရီးစဉ်မှာ ပြောပါတယ်။

စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်ကတော့ မြန်မာပြည်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့ အခွန်ကင်းလွတ်ခွင့် မက်လုံးပေးတာအပြင် ရင်းနှီးမြှုပ်နှံ ပတ်ဝန်းကျင်ကောင်း ဖြစ်အောင် ဒီဥပဒေအရ လုပ်ပေးဖို့လိုတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အခွန်နဲ့ မက်လုံးပေးတာက တပိုင်းပေါ့။ အဲဒါထက်ပိုအရေးကြီးတာက အခြေခံ အဆောက်အဦ က အများကြီးပံ့ပိုးပေးရမှာပေါ့နော်၊ တကယ့် အခြေခံအဆောက်အဦနဲ့ ပတ်သက်တဲ့ဟာတွေ အများကြီးလုပ်ရဦးမယ်။ ကျနော်တို့ဆီမှာလာမယ်ဆိုတဲ့ လုပ်ငန်းရှင်တွေ တပ်လန်သွားတဲ့ဟာမှာ အဓိက မြေဈေးတွေ အဆောက်အအုံဈေးတွေ အဲဒါတွေက ဈေးကြီးနေတာကိုး၊ သူများနိုင်ငံတွေ လုပ်သွားတဲ့ဟာမျိုးပေါ့နော် ဗီယက်နမ်တို့ တရုတ်တို့ဆိုရင် လာမယ့်နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုတွေကို မြေတို့ အဆောက်အအုံတို့ တကယ့်ကို စေျးချိုချိုလေးနဲ့ ငှားလို့ရတဲ့ အဆင့်မျိုးပေါ့။ ကျနော်ဆီမှာ အဲဒါမျိုးမလုပ်နိုင်သေးဘူး၊ အဲဒါတွေက အရေးကြီးတယ်။”

ရင်းနှီးမြှုပ်နှံရာမှာ လုပ်ငန်းရှင်တွေအနေနဲ့ ကျွမ်းကျင်မှုမလိုတဲ့ လုပ်ငန်းတွေမှာ နိုင်ငံသားတွေကို ခန့်ထားဖို့၊ အလုပ်သမားဥပဒေတွေကို လေးစားလိုက်နာဖို့၊ ရင်းနှီးမြှုပ်နှံမှု ပိတ်သိမ်းရင် အလုပ်သမားတွေကို ဥပဒေနဲ့အညီ လုပ်ခလစာနဲ့ နစ်နာကြေးပေးဖို့ စတာတွေလည်း ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

ဒါအပြင် နိုင်ငံထဲမှာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေကို ထိခိုက်စေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နိုင်ငံတော်တွင်း ဘေးအန္တရာယ်အဆိပ်အတောက်ရှိတဲ့ စွန့်ပစ်ပစ္စည်းများဖြစ်ပေါ်နိုင်တာတွေကိုတော့ တားမြစ် လုပ်ငန်းများအဖြစ် ဒီဥပဒေမူကြမ်းမှာ သတ်မှတ်ဖော်ပြပါတယ်။

ဒါပေမယ့် ဒီဥပဒေပါပြဌာန်းချက်တွေဟာ အစိုးရအဖွဲ့က နိုင်ငံတော်ရဲ့အရေးပါတဲ့ လုံခြုံရေးကိစ္စ ကို ကာကွယ်ဖို့ လိုအပ်တယ်လို့ ယူဆထားတဲ့ တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့တွေကို လက်နက် ခဲယမ်းမီးကျောက်တွေနဲ့ စစ်လက်နက်ထောက်ပံ့ရေးအတွက် ဆောင်ရွက်ချက်တွေကို တားဆီး ခြင်း မရှိစေရဘူးလို့ဆိုပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က ပြည်သူ့ လွှတ်တော်မှာ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းဆွေးနွေးသွားပြီး ပြင်ဆင်ချက် တင်သွင်းလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားတိုက်ရိုက်  ရင်းနှီးမြှုပ်နှံ ပမာဏတန်ဖိုးဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၆ သြဂုတ်လကုန်အထိ အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၄၂ ဘီလီယံကျော်ရှိတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာန တရားဝင်ထုတ်ပြန်ထားပါတယ်။

၂၀၁၄-၁၅ဘဏ္ဍာနှစ်မှာ  မြန်မာနိုင်ငံကို  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈ ဘီလျံကျော် ၀င်ရောက်ခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ် မှာတော့  ဒေါ်လာ  ၉ ဘီလီယံခွဲနီးပါးနဲ့ လက်ရှိ ဘဏ္ဍာနှစ်မှာသြဂုတ်လကုန်ထိ ကန်ဒေါ်လာ  ၇၀၁ သန်းကျော်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013