DVB Logo
Home
မြန်မာသတင်း
အိမ်အကူမိန်းကလေးများအမှု ရဲတပ်ဝင်များကို တာဝန်ပေါ့လျော့မှုဖြင့် ပြစ်ဒဏ်ပေးနိုင်
DVB
·
September 22, 2016
အိမ်အကူမိန်းကလေးများအမှု ရဲတပ်ဝင်များကို တာဝန်ပေါ့လျော့မှုဖြင့် ပြစ်ဒဏ်ပေးနိုင်
Donate to DVB

အင်းဝအထည်ချုပ်ဆိုင်ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ပေါ့လျော့မှုနဲ့ ဥပဒေအရ တာဝန်က ရပ်စဲတဲ့အထိ ပြစ်ဒဏ်ပေးနိုင်တယ်လို့ ဥပဒေအကြံပေးတွေက ပြောကြားလိုက်ပါတယ်။

မူလတိုင်ကြားသူဘက်က အမှုကို သိသိချင်း ကျောက်တံတားရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့ပေမယ့် ရဲစခန်းက အမှုဖွင့် အရေးယူခဲ့တာ မရှိခဲ့ပါဘူး။

အမှုဖွင့် အရေးယူဆောင်ရွက်ပေးတာ မရှိတဲ့အတွက် ရဲစည်းကမ်းထိန်းသိမ်းရေးဥပေဒေအရ တာဝန်ကနေ ရပ်စဲတဲ့အထိ အပြစ်ပေးနိုင်တယ်လို့ အဲဒီကိစ္စကို တာဝန်ယူနေတဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဆိုပါတယ်။

လက်ရှိအချိန်မှာလည်း အင်းဝအထည်ချုပ်ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ပေါ့လျော့မှုနဲ့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ စုံခုံဖွဲ့စစ်ဆေးနေပြီလည်း ဖြစ်ပါတယ်။

တိုင်ကြားချက်တွေကို ဆောင်ရွက်ခြင်းမရှိရင် ၁၆၈၂ ရဲလက်စွဲဥပဒေအရ အရေးယူခံရနိုင်တယ်လို့ ဆိုပါတယ်။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “လက်ခံရေးမှတ်ခြင်းလည်း မပြုခဲ့ဘူး။ ဒါမှမဟုတ် သတင်းပေးတိုင်ကြားတဲ့အတိုင်း မဟုတ်ဘဲနဲ့ တိုင်ကြားသူကို ဖြစ်စေ၊ စွပ်စွဲခံရသူကို ဖြစ်စေ၊ အကျိုးယုတ်လျော့သူကို ဖြစ်စေ အဲဒီအကျိုး ယုတ်လျော့စေရန်အတွက် ပြုပြင်ပြောင်းလဲ ရေးမှတ်ခဲ့လျှင် သို့တည်းမဟုတ် အမှုကိုထိမ်ဝှက်ဖို့ အကြံနဲ့ ပထမသတင်းပေးချက်စာအုပ်က သတင်းပေးချက်တွေကို ဖျောက်ဖျက်ခဲ့မယ်ဆိုရင် အဲဒီ တာဝန်ရှိတဲ့ရဲအရာရှိဟာ အမြဲတမ်း ထုတ်ပယ်ခြင်းခံရမယ့်အပြင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၇၇၊ ၁၂၈ တို့အရလည်း တရားစွဲဆို အရေးယူခြင်းခံရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ရဲလက်စွဲဥပဒေအပိုဒ် ၁၆၆၆ မှာ ရဲတပ်ဖွဲ့အနေ ဖုန်းနဲ့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ တိုင်ကြားတဲ့ တိုင်ကြားချက်တွေကို အရေးယူဆောင်ရွက်ရမှာဖြစ်ပြီး အမှုပိတ်သိမ်းတဲ့နေရာမှာလည်း မှုလတိုင်ကြားထားသူကို အကြောင်းကြားပြီးမှ တရားဝင်ပိတ်သိမ်းရမယ်လို့ ဆိုပါတယ်။

အင်းဝအထည်ချုပ်ဆိုင်က အိမ်အကူမိန်းကလေး အမှုကို မူလတိုင်ကြားထားသူက ကျောက်တံတားရဲစခန်းကို အကြောင်းကြားခဲ့ပေမယ့်လည်း ရဲမှူးအပြောင်းအလဲ ရှိခဲ့တဲ့အတွက် ဒီအမှုနဲ့ပတ်သက်ပြီး မသိလိုက်ဘူးလို့ ကျောက်တံတားမြို့နယ်မှူးက ဆိုပါတယ်။

ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်မှူး ရဲမှူးသန်းအေးက “ဒီကို မတ်လက ရောက်တယ်ပေါ့နော်။ မတ်လရောက်တဲ့အခါကျတော့ ဦးပြောင်းတဲ့အချိန်မှာ ဒီဥစ္စာကို ဦးတို့ဆီမှာ လာပြီးတော့ အမှုဖွင့်ခဲ့တာပဲရှိတယ် ဆိုပြီးတော့ မသိခဲ့ရဘူး။ မသိခဲ့ရတဲ့အခါကျတော့ အပေါ်ကနေပြီးတော့မှ ဒါကို စုံစမ်းပေးဖို့အတွက် စာရတဲ့အခါကျမှပဲ ဦးလည်း သိရတာပေါ့။ ဦး ရောက်တဲ့အချိန်ကလည်း မတ်လ ရောက်တာပါ” လို့ ပြောပါတယ်။

အင်းဝအထည်ချုပ်ဆိုင်ရဲ့ အိမ်အကူကလေးနှစ်ဦး နှိပ်စက်ခံရမှုကို မူလတိုင်ကြားသူက ကျောက်တံတားရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်ခြင်း မရှိတဲ့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးရဲ့  ညွှန်ကြားချက်နဲ့ ကျောက်တံတားမြို့နယ်မှူးရဲ့ စုံစမ်းစစ်ဆေး တဲ့ အစီရင်ခံစာမှာ မူလတိုင်ကြားထားသူနဲ့ မိဘတွေက ကျေနပ်မှုမရှိရင် အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ ပါရှိတယ်လို့ ရဲမှူးသန်းအေးက ပြောပါတယ်။

မူလတိုင်ကြားထားသူကတော့ လူ့အခွင့်အရေးကော်မရှင်ကို အရေးယူပေးဖို့လည်း သမ္မတနဲ့ လွှတ်တော်အထိ တိုင်ကြားမယ်လို့လည်း ပြောပါတယ်။

သတင်း - ရန်နိုင်ဇော်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013