DVB Logo
Home
Lead Story
လူ့အခွင့်အရေးကော်မရှင် ဘာလဲ ဘယ်လဲ
DVB
·
September 22, 2016
လူ့အခွင့်အရေးကော်မရှင် ဘာလဲ ဘယ်လဲ
Donate to DVB

 

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲအပြီး ဝေဖန်သံတွေ အတော်ညံခဲ့ပါတယ်။ နှိပ်စက်စော်ကားခံရတဲ့ ကလေးနှစ်ယောက်ပေါ် ကျူးလွန်သူတွေကို ဥပဒေအရ အမှုဖွင့်နိုင်ဖို့၊ စွပ်စွဲခံရသူတွေ တိမ်းရှောင်မသွားနိုင်အောင် လုပ်ဆောင်နေရတာကြောင့် ကော်မရှင်ဘက်ကို အာရုံမစိုက်နိုင်ခဲ့ပါဘူး။ ဒီနေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုလို့ ဘာတွေပြောမလဲ သွားလေ့လာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲကိုကြည့်ရင် နှစ်ဖက်လုံး ဒေါသသင့်နေကြတာ တွေ့ပါတယ်။ အဓိက ဖြေကြားတဲ့ ဦးဇော်ဝင်းဘက်က ဒေါသမာန်တွေ သင့်နေသလို သတင်းထောက်တွေဘက်က ကလေးနှစ်ယောက်အတွက် သနားကရုဏာသက်နေလို့လား မသိဘူး၊ သတင်းထောက်တချို့ဟာ လည်း ဒေါသသင့်နေပါတယ်။ ဖြေကြားမေးမြန်းမှုတချို့က ကျိုးကြောင်းဆင်ခြင်ပြီး ဖြေဆိုမေးမြန်းတာထက် ဆန္ဒနဲ့ ဒေါသကို ဦးစားပေးနေတာ သတိပြုမိပါတယ်။

ကော်မရှင်က ဒီလို စုံစမ်းစစ်ဆေးတာ သူတို့ရဲ့လုပ်ပိုင်ခွင့်ဖြစ်တယ်လို့ ဖြေသွားပါတယ်။ ဟုတ်ပါတယ်၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေရဲ့ အပိုဒ် (၃၄) မှာ "ကော်မရှင်သည် တိုင်တန်းချက်နှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ရာတွင် တိုင်တန်းချက်ပါ အကြောင်းခြင်းရာသည် ညှိနှိုင်း၍ရနိုင်သော အလားအလာရှိသည်ဟု ယူဆပါက ညှိနှိုင်းဖြေရှင်းသောနည်းလမ်းကို အသုံးပြုပြီး ဖြေရှင်းဆောင်ရွက်ရမည်။ ထိုသို့ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရမည်။" ဆိုထားပါတယ်။ အခုကိစ္စမှာရော အရင်ကဖြစ်ခဲ့တဲ့ ကိုပါကြီးတို့လို ကိစ္စတွေမှာရော ဒီအပိုဒ် (၃၄) အရ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အခုကိစ္စမှာဆိုရင် မြို့နယ်ရဲစခန်းကို တိုင်ကြားပြီးတာတောင်မှ ဘာမှ အရေးမယူလို့ ကော်မရှင်ကိုတိုင်တယ်။ ကော်မရှင်က ဒီကိစ္စကို ခေါ်ယူစုံစမ်းတယ်ဆိုတာ လုပ်ထုံးလုပ်နည်းအရလုပ်တာ ဖြစ်ပါတယ်။ ကော်မရှင်က သူ့ရဲ့လုပ်ပိုင်ခွင့်ကို တာဝန်ရှိတဲ့ ရဲစခန်းမှူးထက်ကို လျင်လျင်မြန်မြန် လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

ဒါပေမယ့် နောက်ထပ် အပိုဒ်တခုဖြစ်တဲ့ အပိုဒ် (၂၉) ကို လေ့လာကြည့်ရအောင်။

ကော်မရှင်ဥပဒေရဲ့ အပိုဒ် (၂၉) မှာ "ကော်မရှင်သည် သဘာဝတရားမျှတမှု သဘောတရားနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ ထို့ပြင် တရားမကျင့်ထုံးများ၊ ရာဇ၀တ်ကျင့်ထုံးနှင့် သက်သေခံအက်ဥပဒေတို့ပါ သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ဆီလျော်သလို ကျင့်သုံးဆောင်ရွက်နိုင်သည်" လို့ ဆိုထားပါတယ်။ ဘာကိုဆိုလိုသလဲဆိုရင် ကော်မရှင်က မြန်မာပြည်မှာရှိနေတဲ့ တရားမကျင့်ထုံးတွေ၊ ရာဇ၀တ်ကျင့်ထုံးတွေနဲ့ သက်သေခံအက်ဥပဒေတို့မှာပါတဲ့ ပြဋ္ဌာန်းချက်တွေကို ကျင့်သုံးနိုင်တယ်လို့ ဆိုထားတာပါ။

အခုကလေးနှစ်ယောက်ကိစ္စကို ကော်မရှင်က အချင်းချင်း  ဖြေရှင်းကြပါစေဆိုပြီး ခွင့်ပေးခဲ့တာဟာ အပိုဒ် (၂၉) မှာ ပေးအပ်ထားတဲ့တာဝန်ကို အပြည့်အ၀ မထမ်းဆောင်တာ ဖြစ်နေပါတယ်။ တိုင်ကြားလို့ရောက်လာတယ်၊ ကြားနာစစ်ဆေးတယ်၊ အချင်းချင်း ညှိနှိုင်းခိုင်းတယ်၊ သဘောတူရင် ကျေအေးခိုင်းလိုက်တယ်ဆိုတာ တရားမမှုနဲ့ သက်ဆိုင်ပါတယ်။ တရားမမှုဆိုရင် လက်ခံနိုင်ပါသေးတယ်။

ခက်တာက အခုကိစ္စဟာ တရားမမှုမဟုတ်ပါဘူး။

ရာဇ၀တ်မှုပါ။

ရာဇ၀တ်မှုမှာမှ အထူးကြီးလေးတဲ့ ရာဇသတ်ကြီးပုဒ်မတွေကို ကျူးလွန်တဲ့အမှုပါ။

မြန်မာနိုင်ငံရဲ့ ကလေးသူငယ်စာချုပ်ကို ချိုးဖောက်တာပါ။

နိုင်ငံတကာ ကလေးသူငယ်ဆိုင်ရာစာချုပ်ကို ချိုးဖောက်တာပါ။

ကလေးတွေ ဖြစ်ပျက်ခံစားနေရတဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် နောက်ထပ်စုံစမ်းစရာတောင်မလိုဘူး၊ ထိခိုက်နစ်နာမှုတွေကို တွေ့နိုင်မှာပါ။ ဒဏ်ရာဒဏ်ချက်တွေက လူမဆန်စွာ ဆက်ဆံခံခဲ့ရတာ ပေါ်လွင်ပါတယ်။ သက်သေခံရှာစရာကို မလိုတော့တဲ့ ထင်ရှားတဲ့ သက်သေတွေ ဖြစ်နေပါပြီ။ ဒီလောက်ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး၊ ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုတွေ၊ ရာဇ၀တ်မှု ကျူးလွန်ခံရတယ်လို့ ခိုင်မာစွာ ယူဆနိုင်တဲ့ အဖြစ်မျိုးကို ဘာကြောင့် လူ့အခွင့်အရေးလမ်းနဲ့ တရားဥပဒေလမ်းကြောင်းအတိုင်းသွားဖို့ လမ်းမညွှန်ခဲ့တာလဲ။

လူ့အခွင့်အရေးကော်မရှင်မှာ တရားစီရင်ပိုင်ခွင့်မရှိဘူးဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆီမှာ တိုင်ကြားပြီး စစ်ဆေးတဲ့အမှုကိစ္စတခုရဲ့ အတိမ်အနက်ကို ကြည့်ပြီး ငွေကြေးနဲ့ ကျေအေးသင့်တဲ့အမှုလား၊ ဥပဒေအရ မဖြစ်အနေ အရေးယူသင့်တဲ့အမှုလား ဆိုတာကို လူ့အခွင့်အရေးကော်မရှင်ဝင်အဖြစ် ခန့်အပ်ထားခံရတဲ့သူတွေ မသုံးသပ်နိုင်မှုကို ပြည်သူတွေ ခံစားနေကြရတာပါ။ ကော်မရှင်ရဲ့ ဥပဒေထဲမှာ ကော်မရှင်ဝင်တွေဟာ “ပြည်တွင်း လူ့အခွင့်အရေး ဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို ဗဟုသုတ သို့မဟုတ် အတွေ့အကြုံရှိရမည်” လို့ ဆိုထားပါတယ်။ ကိုယ့်ရဲ့ လူ့အခွင့်အရေး ဗဟုသုတုတွေကို အသုံးမချဘဲ အချင်းချင်းပြေအေးရင် ပြီးတာပဲဆိုတဲ့ အယူအဆက လူ့အခွင့်အရေး စံချိန်စံညွှန်းကို အမှန်တကယ် နားမလည်သလို ဖြစ်နေပါတယ်။ မတရားမှုဖြစ်လာရင် လူ့အခွင့်အရေး သဘောတရားတွေနဲ့ မှန်ကန်စွာ ရှုမြင်ပြီး တရားဥပဒေအရ ခံစားနိုင်အောင် လုပ်ဆောင်ခြင်းက လုံလောက်သလိုလိုနဲ့ မလုံလောက်ပါဘူး။ “ထိရောက် ထိုက်တန်သော ခံစားခွင့်” ဖြစ်ဖို့ အထူးအရေးကြီးပါတယ်။

လုပ်ပိုင်ခွင့်မရှိလို့ ဖြစ်သလိုလုပ်မယ့်အစား လုပ်သင့်တာကိုလုပ်ဖို့ အကြံပြုနိုင်တာမျိုးတော့ ကော်မရှင်အနေနဲ့ လုပ်သင့်ပါတယ်။ ရာဇ၀တ်မှုကို ဟန့်တားဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို လူ့အခွင့်အရေး ချိုးဖောက်မှုကို ကာကွယ်ဖို့ လူသားတိုင်းမှာ တာဝန်ရှိပါတယ်။ လူ့အခွင့်အရေးကော်မရှင်ဝင်တွေ အနေနဲ့ကတော့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ တာဝန်ပေးအပ်ထားခြင်း ခံထားရတဲ့ ကော်မရှင်အနေနဲ့ရော လူ့အခွင့်အရေးကို လေးစားမြတ်နိုးတဲ့ လူသားတယောက်အနေနဲ့လည်း တာဝန်အပြည့်အ၀ရှိပါတယ်။ ကျဉ်းမြောင်းတဲ့ ကော်မရှင်ဥပဒေအရ ကော်မရှင်က ဦးဆောင်တရားမစွဲနိုင်သည့်တိုင်အောင် “ထိရောက် ထိုက်တန်တဲ့ ခံစားခွင့်” တွေကို ရရှိနိုင်အောင် အကြံပြုနိုင်ပါတယ်။ အခုတော့ အမြင့်ဆုံးလုပ်ဆောင်နိုင်ဖို့အတွက် မကြိုးပမ်းဘဲနဲ့ အနိမ့်ဆုံးဖြေရှင်းချက်နဲ့ ကျေအေးခဲ့တဲ့အပေါ် လက်ခံခဲ့တာဟာ ကော်မရှင်ဝင်တွေရဲ့ လူ့အခွင့်အရေးနဲ့ အမှန်တရား၊ တရားမျှတမှုအပေါ် ကြိုးပမ်းအားထုတ်လိုစိတ်ကို ထောက်ပြလာကြတာ ရှိပါတယ်။ ဒီလိုမေးခွန်းက ကြားနာစစ်ဆေးခဲ့တဲ့ ကော်မရှင်ဝင်တွေ အပေါ်မှာသာ မဟုတ်ပါဘူး၊ တက်ရောက်ခဲ့တဲ့ အမျိုးသမီးရေးရာတို့လို တခြား ဌာနဆိုင်ရာက တာဝန်ရှိသူတွေအပေါ်မှာလည်း မေးခွန်းထုတ်ချင်ပါတယ်။ ဒီလို ဆိုးဝါးတဲ့အမှုကို ဒီလောက်ငွေပမာဏနဲ့ ကျေအေးလိုက်တာကို မဖြစ်သင့်ဘူးလို့များ တွေးမိကြပါသလား။ တွေးမိရင်ရော ဘာကြောင့် ဥပဒေအတိုင်းဖြစ်လာအောင် တရားစွဲဆိုနိုင်ဖို့ မကြိုးစားခဲ့ကြတာလဲ။

မနေ့ ဦးဇော်ဝင်းပြောသွားတဲ့အထဲမှာ စွပ်စွဲခံရတဲ့သူတွေကလည်း လူသားတွေဖြစ်တဲ့အတွက် လူသားချင်းစာနာမှုအနေနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ လူသားချင်းစာနာမှုဆိုတာ လူသားချင်းစာနာမှု လိုအပ်သော သူမျိုးအတွက်သာ ဖြစ်ပါတယ်။ ကျူးလွန်သူ အပြစ်လျော့အောင် လုပ်ဆောင်ပေးခြင်းက လူသားချင်းစာနာမှု မဟုတ်ပါဘူး။ ဒီလိုအမှုမျိုးဟာ ကြီးလေးတဲ့အမှု ဖြစ်တဲ့အတွက် တရားစွဲဆိုရပါမယ်။ စွဲဆိုစစ်ဆေးချိန်မှာ တရားလိုရော တရားစွဲဆိုခံနေရတဲ့သူရော လူသားကဲ့သို့ ဆက်ဆံခံမယ်။ ဥပဒေရေးဆိုင်ရာ အခွင့်အလမ်းတွေ တန်းတူရရှိပါမယ်။ ဒါပေမယ့် ကျူးလွန်တဲ့အမှုကနေ ထိုက်သင့်တဲ့ပြစ်ဒဏ် လျော့သွားအောင် လုပ်ပေးတာ လူသားချင်းစာနာမှု မဟုတ်ပါဘူး။ တရားစီရင်မှုကို မှားယွင်းလွဲချော်အောင် ကြိုးပမ်းမှုသာ ဖြစ်ပါမယ်။

ကော်မရှင်ရဲ့ ဥပဒေတွေက လုပ်ပိုင်ခွင့်တွေ နည်းနေပါတယ်။ ပြန်ပြင်သင့်ပါတယ်။ ကော်မရှင်ဝင်တွေအနေနဲ့ လူ့အခွင့်အရေး ဥပဒေတွေကို နားလည်သဘောပေါက်ဖို့လိုသလို လူ့အခွင့်အရေးအတွက် အားကြိုးမာန်တက် လုပ်ဆောင်လိုတဲ့ စိတ်ထားပိုင်ရှင်တွေ ဖြစ်သင့်ပါတယ်။

လုပ်ပိုင်ခွင့်ဆိုတဲ့ ဘောင်တွေအောက်မှာပဲ ကိုယ့်ကိုယ်ကိုယ် ကန့်ထားတာမဟုတ်ဘဲ နစ်နာသူတွေ အမှန်တကယ် ထိရောက်ထိုက်သင့်တဲ့ ကုစားမှုတွေဖြစ်စေဖို့ နည်းလမ်းများ ရှာဖွေ ကြိုးပမ်းသင့်ပါတယ်။

ကိုယ့်ရဲ့ရပ်တည်ချက်၊ ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင်မာမာ ပြောဆိုတတ်ဖို့လိုသလို လွဲချော်သွားမှုများရှိရင် ပြည်သူ့အကျိုးအတွက် ၀န်ခံသင့်ပါတယ်။

ရင့်ကျက်ပြီး အတ္တ၊ ဒေါသကြီးသောသူများထက် စကားပြောဆိုမှုစွမ်းရည်ရှိသော သူမျိုးများနှင့်သာ မီဒီယာ၊ လူထုဆက်ဆံမှုများ လုပ်ဆောင်သင့်ပါတယ်။

(စာမူရေးသားသူသည် ပြည်တွင်းတွင် လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်ပြီး Equal Myanmar ၏ ဒါရိုက်တာလည်း ဖြစ်သည်။)

အောင်မျိုးမင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013