DVB Logo
Home
မြန်မာသတင်း
အင်းဝအပ်ချုပ်ဆိုင်ကသူတွေကို အစိုးရက ကလေးသူငယ်ဥပဒေနှင့် ထပ် တရားစွဲ
DVB
·
September 22, 2016
အင်းဝအပ်ချုပ်ဆိုင်ကသူတွေကို အစိုးရက ကလေးသူငယ်ဥပဒေနှင့် ထပ် တရားစွဲ
Donate to DVB

အိမ်အကူ မိန်းကလေးငယ်များအား ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့တဲ့ အင်းဝ အပ်ချုပ်ဆိုင်က ပြစ်မှုကျုးလွန်သူတွေကို အစိုးရက ကလေးသူငယ်ဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ ထပ်မံ တရားစွဲဆိုလိုက်ပါတယ်။

ဒါ့အပြင် နှိပ်စက်ခံခဲ့ရတဲ့ အမျိုးသမီးငယ်များအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူစောင့်ရှောက်ထားတယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ လူမှုစာမျက်နှာမှာ ဖော်ပြပါတယ်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ ဦးကိုလတ်၊ ၆၃ နှစ်အား စက်တင်ဘာ ၂၁ ရက်က ထပ်ဖမ်းထားပြီး စုစုပေါင်း လူ ၄ ဦးကို လူကုန်ကူးဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီးထားပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က အိမ်အကူမိန်းကလေးငယ်များကိစ္စမှာ ငွေကျပ် သိန်း ၅၀ ပေးပြီး ကျေအေးစေတဲ့အတွက် ကော်မရှင်အပေါ် ဝေဖန်ပြစ်တင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီး ကော်မရှင်ဘက်ကလည်း မနေ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

မြန်မာပြည်တွင်းမှာ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အီကွဲမြန်မာဒါရိုက်တာ ဦးအောင်မျိုးမင်းက ရာဇ၀တ်မှုကိုတခုကို လူ့အခွင့်အရေးကော်မရှင်ရဲ့ ကိုယ်တွယ်ပုံအပေါ် အခုလို မေးခွန်းထုတ်ပါ တယ်။

အခုကိစ္စဟာ တရားမမှုမဟုတ်ပါဘူး။ ရာဇ၀တ်မှုပါ… ရာဇ၀တ်မှုမှာမှ အထူးကြီးလေးတဲ့ ရာဇသတ်ကြီး ပိုဒ်မတွေကို ကျူးလွန်တဲ့အမှုပါ။ မြန်မာနိုင်ငံရဲ့ ကလေးသူငယ်စာချုပ်ကို ချိုးဖောက်တာပါ။ နိုင်ငံတကာ ကလေးသူငယ်ဆိုင်ရာစာချုပ်ကို ချိုးဖောက်တာပါ။ ကလေးတွေ ဖြစ်ပျက်ခံစားနေရတဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် နောက်ထပ်စုံစမ်းစရာတောင်မလိုဘူး ထိခိုက်နစ်နာမှုတွေကို တွေ့နိုင်မှာပါ။ ဒဏ်ရာဒဏ်ချက်တွေက လူမဆန်စွာ ဆက်ဆံခံခဲ့ရတာ ပေါ်လွင်ပါတယ်။ သက်သေခံရှာစရာကိုမလိုတော့တဲ့ ထင်ရှားတဲ့သက်သေတွေ ဖြစ်နေပါပြီ.. ဒီလောက်ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး၊ ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့် အရေးချိုးဖောက်မှု တွေ၊ ရာဇ၀တ်မှုကျူးလွန်ခံရတယ်လို့ ခိုင်မာစွာယူဆနိုင်တဲ့အဖြစ်မျိုးကို ဘာကြောင့် လူ့ အခွင့်အရေး လမ်းနဲ့ တရားဥပဒေလမ်းကြောင်းအတိုင်းသွားဖို့ လမ်းမညွန်ခဲ့တာလဲ။”

ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အိမ်အကူအမျိုးသမီးလေးတွေဟာ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ထဲက ဖြစ်ပြီး သူတို့ဟာ သူတို့ရွာက ကလေးတယောက် အိမ်အကူလုပ်ဖူးတဲ့ အဲ့ဒီဆိုင်ကို ပွဲစား မပါဘဲ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ကော့မှူးမြို့နယ် တိုင်းလွှတ်တော်အမတ် ဦးဇော်မင်းအောင်က ဒီအမှုနဲ့ပတ်သက်လို့ သူတို့ အနေနဲ့ ကော်မရှင်နဲ့ ကျောက်တံတားရဲစခန်းက အချက်အလက်တွေ စုထားပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လာရင် တင်ပြမယ်လို့ ပြောပါတယ်။

“အန်တီ ပြန်ရောက်လာလို့ရှိရင် လက်ရှိ ဖြစ်နေတဲ့ နောက်ဆုံးအနေအထားအထိပေါ့။ ဖြစ်စဉ်ကို နားလည်လို့ရအောင် ကျနော်တို့ ရီပို့ လုပ်ဖို့ ရှိပါတယ်။”

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်နဲ့ မိသားစုဟာ သူတို့အိမ်မှာ အိမ်အကူအဖြစ်လုပ်နေကြတဲ့ မတင်တင်ခိုင် (၁၈) နှစ်၊ မစန်းကေခိုင်၊ ၁၇ နှစ်နှင့် မသဇင် ၁၆ နှစ် တို့ကို နှစ်ရှည်လများ ညှဉ်းပန်းနှိပ်စက်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013