DVB Logo
Home
Lead Story
အိမ်အကူမိန်းကလေးများအမှု ရဲအချင်းချင်း စစ်ဆေးမှု စတင်
DVB
·
September 22, 2016
အိမ်အကူမိန်းကလေးများအမှု ရဲအချင်းချင်း စစ်ဆေးမှု စတင်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်မှာ အိမ်အကူမိန်းကလေးငယ်တွေကို ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာတွေ မပေးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ကနဦး တိုင်ကြားချက်ကို ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာနဲ့ပတ်သက်လို့ ခုံရုံးဖွဲ့စစ်ဆေးနေတယ်လို့ ဒီအမှုကို စတင်ဖော်ထုတ်တဲ့ ကိုဆွေဝင်း (ခ) ကိုဘကောင်းက ပြောပါတယ်။

လွန်ခဲ့တဲ့ လပိုင်းက အိမ်အကူကလေးငယ်တွေမှာ ပြတ်ရှဒဏ်ရာအနာရွတ်တွေကို ဓာတ်ပုံရိုက်ယူပြီး ရဲထံ တိုင်ကြားခဲ့ပေမယ့် အရေးယူမှု မရှိခဲ့တာကြောင့် ကိုဆွေဝင်းက လူ့အခွင့်အရေးကော်မရှင်ကို ဆက်လက်တိုင်ကြားခဲ့တာပါ။ ဒီနောက် အချိန်အတော်ကြာမှ ဒီအမှုကို လူသိရှင်ကြားဖြစ်ခဲ့ပြီး မနေ့ညနဲ့ ဒီကနေ့မှာတော့ အိမ်ရှင်အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးကို ရဲကဖမ်းဆီးပြီး စစ်ဆေးနေပါတယ်။

ကိုဆွေဝင်းကို စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းက ဆက်သွယ်မေးမြန်းပါတယ်။

မေး - ကိုဆွေဝင်း ဒီကနေ့ အမှုနဲ့ပတ်သက်လို့ ရဲအချင်းချင်း စစ်နေကြတယ်ကြားပါတယ်။ အဲဒါသိသလောက် ပြောပြပါ။

ဖြေ - “သူတို့ မနက်အစောကြီးကတည်းက စစ်နေတာ။ အခုချိန်ထိတော့မပြီးသေးဘူး။ ရဲမှူးခင်မောင်ဌေးပေါ့။ သူက ခုံရုံးအဖွဲ့ခေါင်းဆောင်အနေနဲ့ စစ်နေတာပေါ့။ ကျနော်တိုင်ခဲ့တဲ့ ကနဦးတိုင်ကြားချက်ကို ဘာကြောင့်မို့လို့ ရဲဌာနက အရေးမယူတာလဲဆိုပြီး ခုံရုံးဖွဲ့စစ်နေတာပေါ့နော်။ ခေါင်းဆောင်ကတော့ ပန်းဘဲတန်းမြို့နယ်မှူးပေါ့၊ ရဲမှူးခင်မောင်ဌေးကနေပြီးတော့ ခုံရုံးအဖွဲ့ကို ဦးဆောင်တယ်။ နောက်တယောက် ဒုရဲမှူး တင့်ဆွေပါတယ်။ နောက်တယောက်က နာမည်မေ့နေတယ်။ ဆိုတော့ ရဲအရာရှိ ၃ ဦး ဦးဆောင်ပြီးတော့ ဒီအမှုကို ကျနော်တိုင်ကြားခဲ့တဲ့ အချိန်မှာ ရဲစခန်းကနေပြီးတော့ ဘယ်သူတွေက တာဝန်ယူပြီးတော့ ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတာ အကုန်လုံးကို ပြန်စစ်တယ်ပေါ့။”

မေး - ဒီအမှုဖြစ်စဉ်ကို ပြောပါလား။

ဖြေ - “ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျနော်သတင်းကြားတယ်ပေါ့နော်။ သဲလွန်စရတယ်၊ ရတော့ ကျနော်ကိုယ်တိုင် ဘယ်ကိုမှမသွားဘဲနဲ့ အပ်ချုပ်ဆိုင်ကိုသွားပြီးတော့မှ ကျနော်ကိုယ်တိုင် စုံစမ်းတယ်။ ကျနော်ကိုယ်တိုင် ကပ်စတန်မာ (စားသုံးသူ) ပုံစံမျိုးနဲ့ စုံစမ်းတယ်။ စုံစမ်းတဲ့အခါမှာ ကလေး ၂ ယောက်လုံးကို ကျနော်တွေ့တယ်။ ကလေး ၂ ယောက်လုံးမှာ တူညီတဲ့ လက်ဖမိုးမှာ ပြတ်ရှဒဏ်ရာတွေ ကျနော်တွေ့တယ်။ တွေ့တော့ ဆိုင်တခုလုံးကို ကျနော်က ပတ်ပြီးတော့ ဓာတ်ပုံတွေရိုက်တယ်။ ကုတ်အင်္ကျီတွေကို ဓာတ်ပုံရိုက်တယ်။ ရိုက်ပြီးတော့ ကလေးတယောက်ရဲ့ မျက်နှာကို မပါပါအောင် ကျနော် ရိုက်လာခဲ့တယ်။ ရိုက်လာပြီးတော့ အဲဒီ ကျနော်တွေ့ရှိချက်ရယ်၊ နောက်ပြီးတော့ ကျနော်ရခဲ့တဲ့ ဓာတ်ပုံရယ်ကို ကျနော် ကျောက်တံတားရဲစခန်းမှာ ကျနော်သွားပေးလိုက်တယ်။ သွားပေးလိုက်ပြီးတော့မှ ကျနော် ၁ ရက်ဆက်တယ် (ဖုန်း) ၂ ရက်ဆက်တယ်၊ ၃ ရက်ဆက်တယ်။ ဘာမှ မဖြစ်လာဘူး။ အဲတော့ ကျနော် လှမ်းပြီးတော့ ကော်မရှင် (မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်) ကို တိုင်တယ်ပေါ့ဗျာ။ ကော်မရှင်ကို တိုင်လိုက်ပြီးတော့မှ ဘယ်လောက်လောက်ကြာသွားလဲဆိုတော့ တလလောက်ကြာတော့မှ ကော်မရှင်ကနေပြီးတော့ အကြောင်းကြားလို့ဆိုပြီးတော့ ရဲတပ်ဖွဲ့က ပြန်ခေါ်တယ်၊ ပြန်ခေါ်ပြီး ကျနော့်ကို အမှုတခုလုံးကို ပြန်ပြီးတော့ မေးတယ်။ မေးတဲ့အခါမှာ ကျနော်က ပြောတယ်။ မဟုတ်ဘူး ခင်ဗျားတို့ တလကျော်လောက်က အကုန်လာတိုင်ပြီးသွားပြီ၊ အထောက်အထားတွေလည်းပေးပြီးသွားပြီ၊ အဲဒါကို အဲဒီဖိုင်ထဲပြန်လှန်လိုက် ကျနော်ဘာမှ ပြောစရာမလိုဘူးဆိုတော့ သူတို့က အဲဒါ ဘာမှ ပြန်မပြောဘဲနဲ့ ကျနော့်ကို အမှု အစအဆုံးပြန်မေးတယ်။ နောက်ပြီးတော့ သူဘာပြောလဲဆိုတော့ အကယ်လို့ ကျနော်ကနေပြီးတော့ တရားဝင်တိုင်ကြားချက်မဖွင့်ဘူးဆိုလို့ရှိရင် သူတို့အနေနဲ့ သွားပြီးတော့ စစ်ဆေးလို့မရဘူး၊ ဒီအိမ်တအိမ်ကို။ ဆိုတာနဲ့ ကျနော်လည်း မဖွင့်ချင်ဘူး၊ သတင်းသမားအနေနဲ့ ဇာတ်လမ်းတခုထဲမှာ ကျနော်ကိုယ်တိုင် ပါဝင်ရတဲ့ဟာမျိုး မပါချင်ဘူးလေဗျာ နော်။ ကျနော်က ဒါနဲ့ပတ်သက်ပြီးတော့ ကယ်တင်ချင်လို့၊ ကလေးတွေကို ကယ်တင်ချင်လို့၊ သတင်းထောက်ဆိုတာလည်း ကယ်တင်လို့ရတဲ့ အဖွဲ့အစည်းလည်းမဟုတ်ဘူးလေ။ ဆိုတော့ အာဏာပိုင်အဖွဲ့အစည်းကို ကျနော်ကသွားပြီးတော့ အဲဒါကြောင့်မို့လို့ အကြောင်းကြားတာပေါ့ဗျာ။ ဒါပေမယ့် သူတို့က တရားဝင်တိုင်ကြားမှပဲ သွားပြီးတော့ စစ်လို့ရမယ်၊ ကယ်လို့ရမယ်ဆိုတော့လည်း ကျနော်က တရားဝင် တိုင်ကြားလိုက်တာပေါ့နော်။ ဇာတ်လမ်းက အဲဒါပါပဲ။”

မေး - ပထမဆုံး ရဲစခန်းကိုတိုင်ကြားတဲ့ ရက်၊ လ မှတ်မိလား၊ လချီကြာခဲ့တယ်ဆိုလို့။

ဖြေ - “ကျနော် ဇွန်လ တတိယပတ်လောက်ကိုတိုင်တာဗျ။ အခု ခုံရုံးစစ်တဲ့အခါ ဘာတွေ့ရလဲဆိုတော့ အဲဒီတုန်းက လုပ်ခဲ့တဲ့ တာဝန်မှူးကနေပြီးတော့မှ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှူးကို အကြောင်းကြားခဲ့တယ်ဗျ။ အဲဒီရဲစခန်းမှူးကလည်း ဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်ခြင်းမရှိခဲ့ဘူး။ မရှိတဲ့အတွက်ကြောင့်မို့လို့ အဲဒီစခန်းမှူးကို သူတို့ အရေးယူမယ်ပြောတယ်။ ရဲမှူးခင်မောင်ဌေးကနေပြီးတော့။”

မေး - ဒီနေ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရှင်းလင်းပွဲကို ကိုဆွေဝင်းသွားသေးလား။

ဖြေ - ကျနော် မသွားဘူး။ တမင်သက်သက်မသွားတာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်ကသွားလိုက်လို့ရှိရင် သူတို့ပြောဆိုချက်တွေကို ကျနော်က သဘောမကျဘဲနဲ့ ထပြီးပြောလို့ရှိရင် သတင်းစာရှင်းလင်းပွဲပုံစံမဖြစ်ဘဲနဲ့ အပြန်အလှန်ပြောဆိုတဲ့ပုံစံမျိုးတွေ၊ အငြင်းအခုံဖြစ်မယ်ဆိုတော့ ကျနော်ရှောင်တာ။ နောက်ပြီးတော့ သူတို့လည်း သူတို့ဟာသူတို့ ခုခံပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ ကျနော်က ခုခံပိုင်ခွင့်ပေးလိုက်တယ်။ ကျနော့်အနေနဲ့ကလည်း မီဒီယာသမားတယောက်ဆိုတော့ ကျန်တဲ့ မီဒီယာသမားတွေကို ကျနော်က အလွယ်တကူနဲ့ ရှင်းပြလို့ရတဲ့အနေအထားဆိုတော့ ကျနော် မသွားတော့ဘူးလေ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013