DVB Logo
Home
မြန်မာသတင်း
ရှမ်းနှင့်တအောင်းတပ်ဖွဲ့တို့ တိုက်ခိုက်မှုကြောင့် လူမျိုးရေးပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်
DVB
·
September 21, 2016
ရှမ်းနှင့်တအောင်းတပ်ဖွဲ့တို့ တိုက်ခိုက်မှုကြောင့် လူမျိုးရေးပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲမြို့က ရွာတချို့မှာ ရှမ်းပြည်တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ လူမျိုးရေးပဋိပက္ခအထိ ဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“အရင်က ရှမ်းရယ်၊ ပလောင်ရယ် မရှိဘူး။ သူငယ်ချင်းတွေ အတူတူခေါ်ပြောဆက်ဆံ ကြတယ်။ တိုက်ပွဲတွေ ဖြစ်လာပြီးနောက်ပိုင်း ကိုယ့်သူငယ်ချင်းအရင်းတွေတောင် လမ်းမှာ တွေ့ရင် သူ့ကိုယ့်မခေါ် ကိုယ်ကသူ့မခေါ်ရဲတာတွေ ဖြစ်လာတယ်။ ဒါတွေဟာ ကြာလာရင် လူမျိုးရေးနဲ့ချီ ပဋိပက္ခ ဖြစ်သွားမှာ စိုးရိမ်မိတယ်”လို့ ကျောက်မဲမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

လူမျိုးရေး ပဋိပက္ခဖြစ်လာမှာကို စိုးရိမ်နေကြတဲ့အပေါ် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) ကျောက်မဲမြို့ လူထုဆက်ဆံရေးတာဝန်ခံ နန်းမိုးမိုးစောက “ကျမတို့ ဘက်ကရွာမှာဆိုရင် ကိုယ့်ဘက်သားတွေကိုလည်းထိန်းတယ်။ လူမှုရေး ပြဿနာဖြစ်လာစေနိုင်မယ့် အပြောအဆို အနေအထိုင် အကုန်လုံးကိုဆင်ခြင်ခိုင်းတယ်။ ကျမတို့ကလည်း အဆင်ပြေတဲ့ ရွာတွေ ဆိုရင် သူတို့ကိုပြောပြတယ်။ ကျွန်မတို့ကလူမျိုးရေး ပြဿနာမဖြစ်စေချင်ဘူး။ ပြည်သူတွေ အနေနဲ့ကတော့ ချစ်ချစ်ခင်ခင် နေစေချင်တယ်။ အရင်လိုပဲသွားစေချင်တယ်။ တပ်ကတော့ တနေ့ တစ်ချိန်မှာစကားပြောပြီးတော့ ငြိမ်းချမ်းရေး ရနိုင်မယ့် အခြေအနေမှာရှိတယ်။ အဲ့ဒီအချိန်မှာသာ ကျမတို့ ပြည်သူတွေက တဦးနဲ့ တဦး အမုန်းပွားနေရင် ကျွန်မတို့ ရှမ်းပြည်ကဘာမှ ရစရာမရှိ ဖြစ်သွားမှာကို။ အဲဒါကြောင့် ရှမ်းနဲ့ ပလောင်ဟာအတူတကွ ယှဉ်တွဲနေထိုင်လာတဲ့အတိုင်း ပြဿနာမဖြစ်စေချင်ဘူး ” လို့ ပြောပါတယ်။

ရှမ်းပြည်တပ်မတော်ထဲမှာ ရှမ်းတိုင်းရင်းသားတင် မဟုတ်ဘဲ ပလောင်အမျိုးသားတွေ လည်း ပါဝင်နေတာကြောင့် ရှမ်းပြည်နယ် ပြည်သူ့အတွက်သာ ကာကွယ်ပေးနေတာဖြစ်ပြီး ရှမ်း လူမျိုးတမျိုးတည်းအတွက် အလုပ်လုပ်နေတာ မဟုတ်ကြောင်း နန်းမိုးမိုးစောက ဆိုပါတယ်။

တအာင်းပလောင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှကျော်ကလည်း ရှမ်း၊ ပလောင် တိုင်းရင်းသားလူငယ်တွေကြားမှာ လူမျိုးရေးပြဿနာတွေ မဖြစ်အောင် အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြတယ်လို့ စက်တင်ဘာ ဒုတိယပတ်က ပြောပါတယ်။

ကျောက်မဲမြို့ မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် ကတော့ ပဋိပက္ခဖြစ်လာနိုင်တဲ့ စိုးရိမ်မှုနဲ့ပတ်သက်ပြီးသူ့အမြင်ကို အခုလို ပြောပါတယ်။

“စစ်ပွဲဖြစ်တာကနေ ဒီလိုကိစ္စတွေ ပါလာတယ်။ ဒါပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမရှိပါဘူး။ အချိန်တခုဆိုရင် ပြန်ကုစားနိုင်တဲ့ အနေအထားပေါ့။ ၀န်ခံပါတယ်။ အနည်းအကျဉ်းတော့ ရှိပါတယ်။ ဒါပေမယ့် လူမျိုးတမျိုးနဲ့တမျိုး သတ်ဖြတ်ရလောက်အောင် အဲ့လောက်အဆင့် မရှိဘူး။ ချစ်ချစ်ခင်ခင် မဟုတ်တောင် တယောက်နဲ့ တယောက် လူမျိုးရေး မုန်းတီးနိုင်တဲ့ အထိတော့ မဖြစ်နိုင်ဘူး။”

ရှမ်းတိုင်းရင်းသားနဲ့ တအာင်းပလောင် တိုင်းရင်းသားတို့အကြား အခုလို ခံစားမှုတွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို အတိကျ မသိရပေမယ့် ကြားပယောဂတချို့ကြောင့်လို့ ယူဆစရာရှိနေပြီး အဖွဲ့အစည်းနှစ်ခုအကြား ပွတ်တိုက်မှုဖြစ်လာဖို့ တမင်ရည်ရွယ်တဲ့ အမည်ခံဆိုရှယ်မီဒီယာ Facebook အကောင့် အတုတွေလည်း ရှိနေကြောင်း စိုင်းထွန်းဉာဏ်က ဆက်လက်ပြောခဲ့ပါတယ်။

ဒေသတွင်းနေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေအနေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် ပြည်သူအချင်းချင်းသွေးကွဲစရာ မရှိကြောင်း တဦးနဲ့တဦးလည်း အမုန်းတရားအကြောင်းမဲ့ ထားရှိစရာမလိုဘူးလို့ ဆိုပါတယ်။

အဲ့ဒီ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာဟာ နယ်မြေဒေသကိုယ်ပိုင် ပြဋ္ဌာန်းလိုတဲ့အကြောင်းရင်းကနေ တိုက်ပွဲတွေ ဖြစ်လာတာလို့ ကျောက်မဲ မြို့မရဲစခန်းစခန်းမှူး ရဲမှူး ၀င်းခိုင်က သုံးသပ်ပြောကြားခဲ့ပါတယ်။

ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) တို့ဟာ အရင်အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နှောင်းပိုင်းအချိန်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကုန်ကနေ ၂၀၁၆ စက်တင်ဘာအထိ ရှမ်းပြည်တပ်မတော်နဲ့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုတွေ ရာချီရှိခဲ့တယ်လို့လည်း တအာင်းဒေသခံလူငယ်တဦးက ပြောပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013