DVB Logo
Home
မြန်မာသတင်း
မူးယစ်မှုနှင့် ဖမ်းဆီးထားသူများကို ရှမ်းပြည်တပ်မတော် ပြန်လွှတ်ပေး
DVB
·
September 21, 2016
မူးယစ်မှုနှင့် ဖမ်းဆီးထားသူများကို ရှမ်းပြည်တပ်မတော် ပြန်လွှတ်ပေး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ဒေသမှာ  ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီး ထားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ပြန်လွှတ်ပေးလိုက်ပြီလို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ (အာရ်စီအက်စ်အက်စ်)က ပြောပါတယ်။

ကြိုတင်ရရှိထားတဲ့သတင်းအရ နမ့်လန်ကျေးရွာတွင်းရှိ မူးယစ်ဆေးဝါးရောင်းဝယ်သူ၊ သုံးစွဲသူ ၅၀ ကျော်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ သွားရောက်ဖမ်းဆီးပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေပေးကာ ပြန်လွှတ်လိုက်ပြီလို့  အာစီအက်စ်အက်စ် မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဒုဗိုလ်မှူးကြီး စိုင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။

"သူတို့လက်မှာ တွေ့ရှိတဲ့ မူးယစ်ဆေးဝါး ပမာဏ အနည်းအများအလိုက် ဒဏ်ငွေတပ်ပြီး နောက်တခါ မလုပ်ဖို့ ပညာပေးပြီးတော့ စိစစ်ပြီးတော့ ပြန်လွှတ်ပေးနေပါတယ်။ စက်တင်ဘာ ၁၈ ရက်၊ ၁၉ ရက်နေ့က စလွှတ်ပေးတယ်။ သူတို့ဆီကရတဲ့ ဒဏ်ငွေတွေကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းမှာ သုံးဖို့ ရန်ပုံငွေအဖြစ်ထားပါတယ်။  မူးယစ်ဆေးစွဲတဲ့သူတွေကိုတော့ ဆေးဖြတ် စခန်းမှာ ပို့ပေးတယ်။  ဆေးဖြတ်ပြီးသွားလို့  ကျနော်တို့တပ်ထဲ ၀င်ချင်တယ်ဆိုရင်လည်း ရတယ်။ သူတို့ကို အတင်းအကျပ် တပ်ထဲမ၀င်ခိုင်းပါဘူး။”

ရှမ်းပြည်တပ်မတော် တောင်းပိုင်းအဖွဲ့အနေနဲ့ အဲဒီဒေသမှာ မူးယစ်ဆေးဝါး ၀င်ရောက်နှိမ်နင်းတာ ဒီနှစ်ထဲ ၂ ကြိမ်ရှိသွားပြီဖြစ်ပြီး ဒီတကြိမ်မှာတော့ စိတ်ကြွဆေး ၆၇၃ ပြား၊ ဘိန်းရှူပြောင်း ၃၂ ပြောင်း၊ ပစ္စတိုသေနတ် တလက်၊ တူမီး တလက် ၊ စကားပြောစက် ၃ လုံးတို့ကို ဖမ်းဆီးခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး  အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က ကန့်ကွက်စာပေးပို့ခဲ့သလို ဖမ်းထားတဲ့လူတွေ ပြန်လွှတ်ပေးဖို့ ခေါ်ယူညှိနှိုင်းခဲ့တယ်လို့  ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ တပ်ရင်းတပ်ဖွဲ့ဝင်တွေက ရှေ့တန်းမှာ လုံခြုံရေးသွားယူနေတဲ့ချိန် နောက်တန်း မှာ အင်အားချည့်နဲ့သလိုဖြစ်တော့ သူတို့က အခွင့်ကောင်းယူပြီး ၀င်လာတာပါ။ အင်အား ၇၀ ၀န်းကျင်ရှိတယ်။ လူတွေအားလုံး အိပ်မောကျနေတဲ့အချိန်မှာ သူတို့ကြိုတင်ပြီးတော့မှ ရွေးချယ်ထားတဲ့ အိမ်တွေကို တံခါးခေါက်ပြီးတော့မှ လူတွေ ဆွဲခေါ်သွားတာ၊ ပြီးတော့ သုံးစွဲသူဆို ကျပ် ၁ သိန်း၊ ရောင်းချသူဆို ကျပ် ၂၅ သိန်း၊ သိန်း ၃၀ တို့ အဲလိုတောင်းပြီး ပြန်လွှတ်တယ်။ ကျနော်တို့လည်း မူးယစ်ဆေးနှိမ်နင်းရေးတွေ လုပ်နေတာပဲ။ အစိုးရသစ် တက်တဲ့ ရက်ပေါင်း ၁၀၀ ကာလမှာ အမှုပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။ သူတို့အဖွဲ့ အဲလို ၀င်လာတော့ ကျနော်တို့က ရဲတပ်ဖွဲ့ ဒါမှမဟုတ် တပ်မတော်က ပြန်လည်တိုက်ခိုက်မယ် ဆိုရင် လုံးထွေးပြီးတော့မှ ပြည်သူလူထုတွေ ထိခိုက်သေကျေနိုင်တဲ့ အနေအထားမှာရှိပါတယ်။ အခုက နိုင်ငံရေးစကားဝိုင်းနဲ့ ဆွေးနွေးနေတဲ့အချိန်လည်းဖြစ်တော့ လောလောဆယ် တိုင်းစစ်ဌာနချုပ်က နေပြီးတော့မှ အာစီအက်စ်အက်စ် ဆက်ဆံရေးရုံးက ကိုယ်စားလှယ်တွေကို ခေါ်တွေ့ပြီးတော့မှ ကန့်ကွက်တဲ့အကြောင်းနဲ့ နောက်ကိုမဆောင်ရွက်ဖို့၊ ဖမ်းထားတဲ့ လူတွေပြန်လွှတ်ပေးဖို့ ပြောခဲ့တယ်။ သူတို့ကလည်း ပြန်လွှတ်ပေးမယ်ဆိုပြီး သဘောတူ ပါတယ်။"

နမ့်လန်ဒေသခံ စိုင်းစိန်ဝင်းကတော့ သူတို့ဒေသမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု အင်မတန်ဆိုး ရွားနေပြီး  အာဏာပိုင်တွေဘက်က ထိထိရောက်ရောက်လာပြီး နှိမ်နင်းတာ မတွေ့ရကြောင်း၊ အာစီအက်အက်စ်ရဲ့ လုပ်ဆောင်ချက်ကို ထောက်ခံကြောင်း၊ ဒါပေမယ့် သူတို့ရပ်ကွက်ထဲက လူ ၇ ယောက် ပါသွားတာ ခုထိပြန်မလွတ်လာသေးဘူးလို့  ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့နမ့်လန်မှာ ရပ်ကွက်ပေါင်း ၁၁ ခုရှိတယ်။  ရောင်းတဲ့လူကလည်း ရပ်ကွက်တိုင်း လို ရှိတယ်။  ၀ယ်သုံးတဲ့ လူတွေကလည်း လူငယ်လူရွယ် ကျောင်းသားလေးတွေလည်းပါတယ်။  မူးယစ်ဆေးကြောင့် တခြားပြဿ     နာတော့ မသိဘူး။ သူခိုးပေါလာတာဘဲသိတယ်။ ပစ္စည်းတွေ ခဏခဏအခိုးခံရတယ်၊ အာဏာပိုင်တွေ မူးယစ်ဆေးဝါးလာဖမ်းတာ မတွေ့ဖူးသေးဘူး၊ တချို့ရဲတွေဆို ရောင်းတဲ့သူတွေနဲ့ ပေါင်းစားနေကြတာ၊ အဲဒါကြောင့် အာစီအက်စ်အက်စ် လာဖမ်းတာ ကောင်းတယ်။”

ဒီလိုဖမ်းဆီးပေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုကတော့ တော်တော်နဲ့ ပပျောက်ဦးမှာ မဟုတ်ဘူးလို့  စိုင်းစိန်ဝင်းက ပြောပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု အများဆုံးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က  တောင်ကြီးမှာတော့ အမေရိကန်  ဒေါ်လာ ၈၂ သန်းကျော်ဖိုးရှိတဲ့ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013