DVB Logo
Home
မြန်မာသတင်း
၉ တန်းကျောင်းသူ သားမယားပြုကျင့်ခံရမှု ဆက်စပ်သူများကို လူကုန်ကူးမှုဖြင့် တရားစွဲဆိုမည်
DVB
·
September 21, 2016
၉ တန်းကျောင်းသူ သားမယားပြုကျင့်ခံရမှု ဆက်စပ်သူများကို လူကုန်ကူးမှုဖြင့် တရားစွဲဆိုမည်
Donate to DVB

အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူကို မူးယစ်ဆေးပါတယ်လို့ ယူဆရတဲ့ အချိုရည်တိုက်ပြီး သားမယားပြုကျင့်တဲ့ဖြစ်စဉ်မှာ အမှုကွင်းဆက်နဲ့ ဆက်စပ်သူတွေကို လူကုန်ကူးမှု ဥပဒေနဲ့ပါ တရားစွဲဆိုနိုင်ဖို့ တရားရုံးကိုဦးတိုက်လျှောက်သွားမယ်လို့ ကျူးလွန်ခံရသူရဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားခံလို့ယူဆရတဲ့ သန်းကိုကို‌မောင်ကို ပြစ်မှုဆိုင်ရာ ဥပ‌ဒေပုဒ်မ ၃၆၃၊ ၃၇၆ နဲ့ ကမာရွတ်ရဲစခန်းက အမှုဖွင့်စစ်ဆေးနေပါတယ်။

တရားခံလို့ယူဆရတဲ့ သန်းကိုကိုမောင်ဟာ အိမ်ထောင်ရှိသူဖြစ်တဲ့အတွက် တလင်တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေနဲ့ ငြိစွန်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားခံလို့ ယူဆရသူရဲ့ အစ်မ၊ မိခင်နဲ့ အသက်မပြည့်သေးတဲ့မိန်းကလေးကို လက်ခံတည်းခိုခွင့်ပြုခဲ့တဲ့ တည်းခိုခန်းတို့ဟာလည်း အမှုကွင်းဆက်မှာ ပါဝင်နေတယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“တရားခံလို့ ယူဆရတဲ့ သန်းကိုကိုမောင်ရဲ့ ပထမရမန်က စက်တင်ဘာ ၂၂ ဆိုပြည့်ပြီ။ အဲဒီ့အတွက် ကွင်းဆက်မှာပါတဲ့ သူတွေကို ထပ်အမှုမဖွင့်ဘဲ တရားရုံးတင်လိုက်ရင် ကျန်တဲ့ သူတွေကို တရားစွဲဆိုပေးဖို့ တရားရုံးကို ဦးတိုက်လျှောက်သွားမယ်”လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ ၉ တန်းကျောင်းသူနဲ့ ပြစ်မှုကျူးလွန်သူ သန်းကိုကိုမောင်မှာ  beetalk မှာ တွေ့ဆုံ ရင်းနှီးခဲ့တာဖြစ်ပြီး သန်းကိုကိုမောင်က မိန်းကလေးကို ရန်ကင်းစင်တာရှေ့မှာ တွေ့ဖို့ ချိန်းဆိုခဲ့ပါတယ်။  

အချိုရည်ထဲမှာ မူးယစ်ဆေးတမျိုး ထည့်တိုက်ခဲ့ပြီးနောက် မြောက်ဒဂုံရှိ သန်းကိုကိုမောင် အိမ်ကို တည ခေါ်သွားခဲ့ပြီးနောက် တည်းခိုခန်းတခုကို ထပ်မံ ခေါ်ဆောင်ကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီးနောက် တည်းခိုခန်းတွင်းမှာ သန်းကိုကိုမောင်နဲ့အတူ အဓမ္မပြုကျင့်ခံရသူ မိန်းကလေးကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ကမာရွတ်မြို့နယ် ရဲစခန်းက စခန်းမှူးက ဒီအမှုတည်ဆောက်တဲ့နေရာမှာ ခိုင်မာဖို့အတွက် လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေပြီး အားလုံးပြည့်စုံသွားရင် တရားဝင် သတင်းထုတ်ပြန်သွားမယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013