Home
မြန်မာသတင်း
တောင်သူလယ်သမားနေ့ ပြောင်းပေးရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
ရွှေအောင်
·
September 21, 2016
တောင်သူလယ်သမားများရဲ့ ဆန္ဒရယူပြီး တောင်သူလယ်သမားနေ့ကို ပြောင်းလဲအောင် လုပ်ပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အစိုးရကို တိုက်တွန်းတောင်းဆို လိုက်ပါတယ်။ ဒီနေ့ ပြည်သူ့လွှတ်တော်စည်းဝေးပွဲအတွင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက မတ်လ (၂) ရက်နေ့အား တောင်သူလယ်သမားနေ့ဟု သတ်မှတ်ထားခြင်းအစား ဆရာစံတောင်သူလယ်သမား အရေးတော်ပုံရဲ့ အထင်ကရ ရက်နေ့တနေ့အား ရွေးချယ်ပြီး တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းတဲ့ မေးခွန်း မေးခဲ့ပါတယ်။ “မတ်လ ၂ ရက်နေ့ဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးရပြီးစ ဒီမိုကရေစီအပင်ပေါက်လေးကို ဥက္ကဋ္ဌ ဒီမိုကရေစီနေ့မှာ ပြောသွားတဲ့အတိုင်း သင်းသတ်ခံရတဲ့ အဖြစ်မျိုး ဒီ့ထက်ပို ပြောရရင် အမြစ်ပါမကျန်အောင် ဆွဲနှုတ်ခံရတဲ့ ပြည်သူတွေအတွက် သမိုင်းမှာ နာမည်ဆိုးနဲ့ ထင်ရှားတဲ့နေ့တနေ့ ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးကိုမှ ကျနော်တို့က တောင်သူ လယ်သမား တွေကို ဂုဏ်ပြုတယ်ဆိုတာ မဖြစ်သင့်ပါဘူး။” ဒီမေးခွန်းနဲ့ပတ်သက်လို့ စိုက်ပျိုးရေးဝန်ကြီးဌာန၀န်ကြီး ဒေါက်တာအောင်သူက ၀န်ကြီးဌာန အနေနဲ့ ပြောင်းလဲလို့ မရတဲ့အကြောင်း ဖြေကြားခဲ့ပါတယ်။ မေးခွန်းမေးတဲ့သူနဲ့ ဖြေကြားတဲ့ ပြည်ထောင်စုဝန်ကြီးတို့ ဖြေကြားမှုအပြီးမှာ လွှတ်တော်ဥက္ကဋ္ဌက “ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ တောင်သူလယ်သမားများရဲ့ဆန္ဒကို ရယူပြီး ခုနပြောတဲ့ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ကြိုးစားပြီးတော့ ပြောင်းလဲနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ပေးစေချင်ပါတယ်။” တောင်သူလယ်သမားနေ့ကို မတ်လ ၂ရက်အစား တခြားရက်ကို ပြောင်းပေးရန် ပြည်ခိုင်ဖြိုးပါတီ ကြီးစိုးတဲ့ ပထမအကြိမ်လွှတ်တော်မှာ အခု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က အဆိုတင်ခဲ့ဖူးပြီး ပယ်ချခံခဲ့ရပါတယ်။ အခုတကြိမ် အန်အယ်လ်ဒီကြီးစိုးတဲ့ လွှတ်တော်အတွင်း တောင်သူလယ်သမားနေ့ကို မတ် ၂ ရက်ကနေ တခြား တရက်ရက် ပြောင်းနိုင်မလားဆိုတာတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024