DVB Logo
Home
မြန်မာသတင်း
ကျောက်မဲဒေသ တိုက်ပွဲများကြောင့် ကျောင်းသားအချို့ ပညာသင်ကြားရေး အခက်ကြုံ
DVB
·
September 21, 2016
ကျောက်မဲဒေသ တိုက်ပွဲများကြောင့် ကျောင်းသားအချို့ ပညာသင်ကြားရေး အခက်ကြုံ
Donate to DVB

ကျောက်မဲခရိုင်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာတွေမှာရှိတဲ့ ကျောင်းသားတွေအနေနဲ့ မိမိနေထိုင်ရာ ကျေးရွာတွေမှာ ပညာသင်ကြားနိုင်ခြင်း မရှိတော့ဘဲ ကျောက်မဲမြို့ပေါ်တက်ပြီး ပညာသင်ယူနေရလို့ အခက်ခဲ ကြုံတွေ့နေကြရပါတယ်။

ဒေသစွန့်ခွာပြီး မြို့ပေါ်တက် ပညာသင်ကြားနေရတဲ့ ကလေးတွေအနေနဲ့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင် ပညာဆည်းပူးနေရပြီး နေရပ် ကျောင်းတွေမှာ ပညာသင်ကြားခွင့်ပြန်ရဖို့ မျှော်လင့်နေကြတယ်လို့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသက န၀မတန်းနဲ့ ဒသမတန်း ကလေးတွေကို ကျောင်းအိပ်ကျောင်းစား နေနိုင်အောင် စီစဉ်ပညာသင်ကြားပေးနေတဲ့ မေတ္တာအိုးဝေ ပညာဒါနကျောင်းဆရာ မိုင်းအိုက်ထွန်းက ပြောပါတယ်။

“အဲဒီဒေသမှာ ကျောင်းမရှိလို့တော့ မဟုတ်ပါဘူး။ အခြေအနေအရပေါ့။ စစ်လည်း ဖြစ်နေတာ ဖြစ်တဲ့အတွက် ကျောင်းကို ကောင်းကောင်းမွန်မွန် မဖွင့်နိုင်သေးဘူး။ ဖွင့်တော့ဖွင့်ထားတယ်။ ဖွင့်ထားတဲ့ ရည်ရွယ်ချက်ကလည်း အားလုံးတက်ရောက်ဖို့တော့ မဟုတ်ဘူး။ ဒီမြို့ပေါ် ပညာလာမသင်နိုင်တဲ့ ကလေးတွေအတွက် ဖွင့်ထားတယ်။ ကလေးတွေအနေနဲ့ သူတို့ကို စုံစမ်းရသလောက် ကိုယ့်ရပ်ရွာ ကိုယ့်ဒေသမှာပဲ ပညာသင်ကြားချင်ကြတယ်။”

တိုက်ပွဲတွေကြောင့် ပညာသင်နိုင်မှု အခက်အခဲဆုံးဒေသကတော့ ကျောက်မဲမြို့နဲ့ မိုင်လေးဆယ်ကျော်ဝေးတဲ့ တော့ဆန်ဆိုတဲ့ ကျေးရွာဖြစ်ပြီး အနီးတ၀ိုက် ကလော်ဝိုင်းရွာ၊ ညောင်မောင်းရွာ၊ စာပို့ရွာနဲ့ ပန်စန်းရွာတ၀ိုက် ကျေးရွာပေါင်း ၃၀ လောက်က ကျောင်းသားတွေဟာ နေရပ်စွန့်ခွာပြီး ကျောက်မဲမြို့ပေါ်မှာ ပညာသင်ယူနေပါတယ်။

အဲလို ပညာသင်ယူနေရတဲ့အတွက် နေထိုင်စားသောက်ရေး အခက်အခဲတွေလည်း ရှိပါတယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာ ပညာသင်ကြားနေရတဲ့ ကျောင်းသားကလေးငယ်တွေနဲ့ ပတ်သက်ပြီးတော့ ဆန်ကျေးရွာမှ ကျောက်မဲမြို့ပေါ်မှာ လာရောက်ပညာသင်ကြားပေးနေတဲ့ အလယ်တန်းပြဆရာမတဦးကလည်း အခုလိုပြောပါတယ်။

“ကိုယ်လည်း ကလေးတွေကို ဒီလိုမဖြစ်စေချင်ဘူး။ ဒီမှာ ကျောင်းဖွင့်လို့ မိဘတွေက တတ်နိုင်လို့သာ သူတို့ ကျောင်းတက်ရတာ။ တချို့ကျလည်း မနှစ်က ကျောင်းဖွင့်ချိန်ကြီး တိုက်ပွဲဖြစ်တာဆိုတော့ သူတို့မှာ ကြောက်စိတ်တွေ ရှိနေတာပေါ့လေ။ ဒီနှစ်ဆိုရင် သူတို့ အပေါ်တက်ရမယ်ဆို (နေရပ်ပြန်ရမယ်) ဆိုရင် သူတို့ မတက်ချင်ကြဘူး။ ကျမကိုယ်တိုင် မနှစ်ကတော့ စစ်ဖြစ်တာနဲ့ ပထမဆုံး ကြုံဖူးတာ။ အဲ့ဒီတုန်းက မိဘတွေ ကိုယ့်မိသားစုတွေနဲ့တောင် မတွေ့ရတော့ဘူးလို့ တခါတည်း သတ်မှတ်ထားတာ။”

ငွေကြေးတတ်နိုင်တဲ့ မိဘတွေအနေနဲ့ ကလေးငယ်တွေကို ကျောက်မဲမြို့ပေါ် အဆောင်တွေမှာ ပညာသင်ကြားစေပြီး အချို့ ကျောင်းသားတွေကတော့ မေတ္တာအိုးဝေ ပရဟိတကျောင်း၊ အောင်ဆုပန် ဘုန်းတော်ကြီးကျောင်းနဲ့ ကျားငါးကောင် ဆေးတိုက်တို့က ပညာသင်ကြားနိုင်ရေး ကူညီပေးထားပါတယ်။

တိုက်ပွဲတွေကြောင့်  မူလတန်းမှ အထက်တန်းအထိ နေရပ်စွန့် ပညာသင်ကြားနေတဲ့ ကလေးငယ်ပေါင်း ၃၀၀ လောက် ကျောက်မဲမြို့မှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်၊ စက်တင်ဘာနဲ့ အခုနှစ် ဇွန်၊ ဇူလိုင်နဲ့ စက်တင်ဘာလတွေမှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ တီအန်အယ်လ်အေ (တအာင်းလွတ်မြောက်ရေးတပ်မတော်)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) တို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတာပါ။

တိုက်ပွဲတွေကြောင့် အခုနှစ် ကျောင်းဖွင့်ရာသီမှာ ကျောင်းပြန်ဖွင့်နိုင်အောင် ကျောင်းဆောင်တွေကို ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အခုစက်တင်ဘာလဆန်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့် ကျောင်းသားအများအပြားဟာ ကျောက်မဲမြို့ပေါ်ကိုပဲ ပြန်ပြောင်းလာရပြီး အဋ္ဌမတန်း၊ န၀မတန်းနဲ့ ဒသမတန်းကျောင်းသားတွေပဲ ဖြစ်ပါတယ်။

တိုက်ပွဲအဖြစ်များတဲ့ တော့ဆန်ရွာမှာ တွဲဘက် အထကရှိပြီး အခုနှစ် ကျောင်းဖွင့်ချိန်မှာ ကျောင်းသားရာဂဏန်းလောက် ရှိပေမယ့် နောက်ပိုင်းမှာ ပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ကျောင်းသားအချို့ဟာ မြို့ပေါ်ကိုတက် စာသင်နေရပါတယ်။

တော့ဆန်ကျောင်းမှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ကျောင်းသားပေါင်း ၅၀၀ ကျော် ရှိတယ်လို့လည်း သိရပါတယ်။

ကျောင်းပြန်ဖွင့်ဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး ကျောက်မဲ မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က “ပထမဆုံး ကျောင်းဖွင့်နိုင်ဖို့ ဘာလုပ်ရလဲဆိုရင် ကျောင်းကို ကျည်ဆန်ကျထားတဲ့ သွပ်မိုးတွေ သွားဖာရတယ်။ ကျောင်းတွေကို သွားပြုပြင်ရတယ်။ ရေပိုက်ဆင်ရတယ်။ မီးဆင်ပေးရတယ်။ နောက်ပြီးတော့ လမ်းပေါ့။ လမ်းက လူမရှိတော့ လေရေတိုက်စားပြီးတော့ ဆိုင်ကယ်သွားရခက်တယ်။ အဲ့ဒါကို ကျောက်ဖို့ပေးတယ်။ သိန်းလေးဆယ်ကျော်ဖိုးလောက်ပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာ တော့ဆန် တွဲဘက် အထက်တန်းကျောင်းမှာ ရှိနေတာက သူငယ်တန်းကနေ သတ္တမတန်းအထိ ကျောင်းသူ/ကျောင်းသား ၉၀ ကျော်လောက်ပဲ ရှိနေပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013