DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်က ၆ လအတွင်း အရပ်သား ၇၀၀ ကျော်ကို သတ်ဖြတ်ဟု ကုလ ထုတ်ပြန်
DVB
·
June 23, 2026
 ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာတာ့ခ်။ Photo: UN-OHCHR
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာတာ့ခ်။ Photo: UN-OHCHR
Donate to DVB

၂၀၂၅ ခုနှစ်၊ ဩဂုတ်လကနေ အခုနှစ် ဇန်နဝါရီလအထိ ၆ လတာ ကာလအတွင်း မြန်မာစစ်အာဏာရှင်တပ်ရဲ့ လက်ချက်ကြောင့် အရပ်သား သေဆုံးသူ အနည်းဆုံး ၇၀၂ ယောက် ရှိခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဇွန် ၂၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်တပ်က ရွေးကောက်ပွဲ ကျင်းပမဲ့အကြောင်း ကြေညာခဲ့တဲ့ အချိန်ကစလို့ မဲပေးမှုကာလ ပြီးဆုံးတဲ့အထိ ပဋိပက္ခတွေအတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဟာ အခုအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် ပြည်ပက နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာစစ်တပ်ဆီ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ဆက်လက်ထောက်ပံ့နေတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုမိုဆိုးရွားအောင် တွန်းအားပေးသလို ဖြစ်နေတယ်လို့ကုလသမဂ္ဂက ထောက်ပြထားပါတယ်။

ခိုင်ခိုင်မာမာ အတည်ပြုနိုင်ခဲ့တဲ့ သေဆုံးမှုတွေထဲမှာတော့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးရသူ ၄၇၆ ယောက်အထိ ပါဝင်နေပြီး ဒီအထဲမှာ အမျိုးသမီး ၂၂၄ ယောက်နဲ့ ကလေးငယ် ၁၅၃ ယောက် ပါဝင်နေတာပါ။

အရပ်သား ၅၀၀ ကျော်ကတော့ ဂျက်တိုက်လေယာဉ်တွေ၊ ဒရုန်းတွေ၊ ပါရာမော်တာတွေနဲ့ ဂျိုင်ရိုကော့ပတာတွေ အသုံးပြုပြီး တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

အရပ်သားသေဆုံးမှု အမြင့်ဆုံးကာလတွေကတော့ ဩဂုတ်လကနေ စက်တင်ဘာလအထိ တကြိမ်၊ ဒီဇင်ဘာလကနေ ဇန်နဝါရီလအထိ တကြိမ် စတဲ့ ကာလ ၂ ခုအတွင်းမှာ သိသိသာသာ မြင့်တက်ခဲ့တာပါ။

နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုတွေ လျော့နည်းလာတာကလည်း အခုလို အခြေအနေ ဆိုးရွားရခြင်းရဲ့ အကြောင်းရင်းတခု ဖြစ်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ လမ်းခရီး ပိတ်ဆို့မှုတွေနဲ့ ပြည်ပအကူအညီ ဖြတ်တောက်ခံရမှုတွေကြောင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ခြေဟာလည်း ကျဆင်းသွားခဲ့ရတာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က မြန်မာပြည်သူတွေအတွက် နိုင်ငံတကာ အသိုက်အဝိုင်းအနေနဲ့ ပြန်လည်ပူးပေါင်း ကူညီပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

“မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ လက်ချက်ကြောင့် ဒုက္ခမျိုးစုံ ခံစားနေရတဲ့အပြင် အခုအခါမှာတော့ ပြည်ပကလူတွေရဲ့ မေ့လျော့ခြင်းကိုပါ ခံနေရသလို ဖြစ်နေပါတယ်။ ဒေသအလိုက် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေ ထောက်ပံ့ပေးနိုင်မှုဟာ၊ စစ်တပ်ရဲ့ အမြဲတမ်း ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ခံစားရတဲ့ ဒုက္ခတွေကြားမှာ တခုတည်းသော အားကိုးရာ ဖြစ်ခဲ့တာပါ။ အခုလို အကူအညီတွေ ဆုတ်ခွာသွားတာဟာ မီးလောင်ရာ လေပင့်သလို ပြည်သူတွေရဲ့ ဒုက္ခတွေကို ပိုမိုကြီးထွားစေပါတယ်။”

Source: UPI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013